ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကို လေးလမ်းသွားထိ တိုးချဲ့မည်

ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကို လေးလမ်းသွားထိ တိုးချဲ့မည်
by -
ဟင်္သာမီဒီယာ
ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမရှိ  စစ်တောင်းတံတား မှ စတင်၍ မော်လမြိုင်မြို့အထိ လေးလမ်းသွား လမ်းတိုးချဲ့ဖောက်လုပ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဋ္ဌေးက ဟင်္သာမီဒီယာသို့ပြောကြားသည်။

ထို့အပြင် သထုံမြို့နယ် မှ ကရင်ပြည်နယ် မြိုင်ကလေးမြို့အထိလည်း လေးလမ်းသွား တိုးချဲ့ဖောက် လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ နှင့် သထုံ -ဘားအံ အဝေးပြေးလမ်းမသည် နှစ်လမ်းသွားလမ်း များ အဖြစ်သာ ဖောက်လုပ်ထားခြင်းကြောင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းများကို ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက် မှ BOT စနစ်ဖြင့် တာဝန်ယူ ဆောက်လုပ်
နေခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှသိရသည်။

လေးလမ်းသွားတိုးချဲ့ဖောက်လုပ်ရန်အတွက် စုစုပေါင်းလမ်းအရှည် ၁၁၁မိုင်ရှိကာ  လက်ရှိအချိန်တွင် နှစ်လမ်းသွား ဟိုင်းဝေးလမ်းကြီး အဆင့်သာရှိပြီး အလျား ၉၃မိုင် ၄ဖာလုံကို လေးလမ်းသွားအဖြစ်သို့တိုးချဲ့ ဖောက်လုပ်ခြင်းဖြစ်ကြောင်း ဦးထွန်းဋ္ဌေးကဆိုသည်။

အဆိုပါစီမံကိနး်ကို ၂နှစ်အတွင်း အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်

“အခုလိုတိုးချဲ့ဖောက်လုပ်လိုက်တော့ ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေးကို အထောက်အကူ ပြုတာပေါ့၊ ခရီးလည်း အမြန်ရောက်တာပေါ့”ဟု ဦးထွန်းဌေးက ဆိုသည်။

လေးလမ်းသွားဖောက်လုပ်ရန်အတွက် စစ်တောင်း-ကျိုက်ထိုလမ်းပိုင်းတွင် ၂၃မိုင် ၁ဖာလုံ၊ ကျိုက်ထို-သထုံ-မော်လမြိုင်လမ်းပိုင်းတွင် ၆၄မိုင် ၆ဖာလုံနှင့် သထုံ-မြိုင်ကလေးလမ်းပိုင်းတွင် ၆မိုင် ၅ဖာလုံတို့ကို တိုးချဲ့ဖောက် လုပ်မည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

အဆိုပါလေးလမ်းသွားဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၆ ဇွန်လ ၁ရက်တွင် စတင်ပြီး ၂၀၁၈ခုနှစ် မေလ ၃၁ရက် အထိ ပထမအဆင့် အနေဖြင့် တိုးချဲ့ဖောက်လုပ်သွားရန် လျာထားကြောင်း ၎င်းထံမှ သိရသည်။