ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးမှုကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင် လာသည့်ကျေးလက်ဒေသခံ ၄၀၀ ကျော်ရှိပြီဖြစ်ပြီး ၂ ဘက်စစ်ရေးတင်းမာမှု ကြောင့်နေရပ် မပြန်နိုင်သေးကြကြောင်းသိရသည်။
နမ္မတူမြို့နယ် အနောက်ဘက်ရှိ ၀မ့်ဆော့အုပ်စုအနီး TNLA တပ် နှင့် RCSS တပ်တို့တိုက်ပွဲများဖြစ်ပွါးမှုကြောင့် ၀မ့်ဆော့အုပ်စုအတွင်း ၀မ့်ကွတ်၊ နားတီး၊ ပန်လော့၊ ၀မ့်ဝိုင် ရွာများမှ ရွာလူထုသည် ၀မ့်ဆော့အုပ်စုနှင့် ၃ မိုင်ခန့်အကွာရှိ မန့်စံဘုန်းကြီးကျောင်းသို့ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် စစ်ဘေးရှောင် ခိုလှုံနေကြခြင်းဖြစ်သည်။
စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးကော်မတီမှ စိုင်းဘဉာဏ်က- "မန်စံကျောင်းမှာစစ်ဘေးရှောင် တွေခိုလှုံနေကြတယ်။ မတ်လ ၁၇ ရက်နေ့ကျရင်ဒီမှာက ရှင်ပြုပွဲရှိမယ်ဆိုတော့ နမ္မတူ ဗုပ္ပါရုံကျောင်း ကို ခွဲပြီးပို့ရလိမ့်မယ်။ "– ဟု ပြောဆိုသည်။
ပန်ဆော့ရွာသား ၃၀ ကျော်အား မန်စံကျောင်းတွင်ထားရှိပြီး ကျန် သုံးရွာမှ ရွာသား ၃၀၀ ကျော်အား နမ္မတူတို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့အထိ ၂ ဘက်တပ်များ မဆုတ်ကြသေးဘဲ တင်းမာနေသည့်အနေအထားရှိနေသေးသဖြင့် ကျေးလက်ရွာသားများနေရပ်မပြန်ရဲသေးကြကြောင်းဆိုပါသည်။







