ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မေလမတိုင်မှီ ကျင်းပမည်ဟု RCSS/SSA ပြော

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မေလမတိုင်မှီ ကျင်းပမည်ဟု RCSS/SSA ပြော
RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း
RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်တွင်ပါ၀င်နိုင်ရေးအတွက် ရှမ်း(သျှမ်း)အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလမတိုင်ခင် ကျင်းပနိုင်ရန်စီစဉ်နေကြောင်း RCSS/SSA ကပြောဆိုလိုက်သည်။

“သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့က စစ်တပ်ကိုရော၊ အစိုးရဘက်ကိုရောဆွေးနွေးမယ်။ တဖက်ကလည်း RCSS အနေနဲ့ ပါတီကိုရော တခြားအဖွဲ့အစည်းတွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးမယ်။ အဆင်ပြေလွယ်ကူအောင်ဘယ်လိုလုပ်ဆောင်သွားမလဲ ၊ အလုပ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာပေါ့။ အစီအစဉ်ထပ်ချဦးမယ်။ ရှိတဲ့အချိန် ၂ လအတွင်းမှာအထမြောက်အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်တယ် ”- ဟု RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။

သို့သော် ပြုလုပ်ကျင်းပမည့်အချိန်နှင့်နေရာကိုမူ အဖွဲ့အစည်းများဆွေးနွေးညှိနှိုင်းပြီးမှသာသိရှိနိုင်မည်ဖြစ်ကြောင်းပြောဆိုပါသည်။

ဒီဇင်ဘာလက သျှမ်းလူထုနှင့် CSSU တွေ့ဆုံမှုအား အစိုးရ၏တပ်မတော်မှ လိုက်လံတားမြစ်ပြီးသည့်နောက်ပိုင်း လင်းခေးတွင်ကျင်းပမည့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပျက်ပြားခဲ့ပြီးနောက် မေလတွင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မတိုင်မှီ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း UPDJC မှအတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။

“ကျနော်တို့လူထုဆန္ဒမပါရင် ၂၁ ရာစုပင်လုံညီလာခံမှာဘာမှဆွေးနွေးနိုင်မှာမဟုတ်ဘူးလေ သျှမ်းက။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲက တရားဝင်ဆိုတော့ ရရှိလာတဲ့လူထုဆန္ဒတွေကို တရားဝင်သွားအောင် အဲဒီဆွေးနွေးပွဲမှာ လာပြီး စီစစ်မယ်။နိုင်ငံရေးမူဘောင်အရဆိုရင်လည်း လူထုဆန္ဒကို အမျိုးသားအဆင့်ဆွေးနွေးပွဲမှာလာပြီး အတည်ပြုရမယ်။စာတမ်းရရှိလာမှ ငြိမ်းချမ်းရေးညီလာခံမှာသွားပြီးတင်ပြနိုင်မယ်လေ”- ဟု RCSS/SSA ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်ဦးဆောင်လာခဲ့သူ ဗိုလ်မှူးကြီးစိုင်းငင်းကသျှမ်းသံတော်ဆင့် အားပြောပြသည်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အား မေလလယ်ပိုင်းတွင်ကျင်းပရန်အတွက် ဖေဖော်ဝါရီလ ၂၇ နှင့် ၂၈ ရက်နေ့တွင် နေပြည်တော်၌ကျင်းပသော UPDJC ၏ ရ ကြိမ်မြောက်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရန် -၂၀၁၇ နိုဝင်ဘာလက နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ JICM အစည်းအဝေး မှ သဘော တူညီမှု ရရှိခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီမှ သျှမ်းလူထုအား ကွင်းဆင်း တွေ့ဆုံစဉ် တပ်မတော်မှ လူသူစစ်လက်နက် အင်အားအပြည့်အစုံဖြင့် ဆွေးနွေးပွဲများအား တားမြစ် ပိတ်ပင်ခဲ့သောကြောင့် ၂၀၁၈ ဇန်နဝါရီလ ၁၂ – ၁၄ ရက် အထိ လင်းခေးမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားမှုအား အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ၂၀၁၈ ဇန်နဝါရီလ ၈ ရက်နေ့က သျှမ်းပြည်တပ်မတော် RCSS/ SSA မှ ထုတ်ပြန်ကြေငြာသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...