တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် နှင့် EAO’s PPWT တို့ ရန်ကုန်တွင်တွေ့ဆုံ

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် နှင့် EAO’s PPWT တို့ ရန်ကုန်တွင်တွေ့ဆုံ
by -
ဟွမ်ဟိန်း

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ အသိသက်သေ အဖြစ် တက်ရောက်လာသည့် တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်အား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာအလုပ်အဖွဲ့ PPWT တို့တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှ တိုင်းရင်းသားများကြုံတွေ့နေရသည့်အခြေအနေများကို ဆွေးနွေးမေးမြန်း ခဲ့ကြောင်း ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းကပြောဆိုသည်။

"သူက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေဘက်က ဘယ်လိုအခက်အခဲရှိသလဲ။ ဘယ်လိုကူညီပေးရမလဲစတာတွေကိုမေးမြန်းတယ်။ ကျနော်တို့ဘက်ကလည်း ပြန်လည် ဆွေးနွေး တယ်။ အဲတာအပြင် သျှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်ဘက်မှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို အစိုးရတပ်မတော် က ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် စစ်ဘေးရှောင်လူထုများပြား လာနေတယ်။ အဲဒီအတွက် အမြန်ဆုံးရပ်တန့်ပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ဘဲဖြစ်ဖြစ် တပ်မတော်နဲ့ဘဲဖြစ်ဖြစ်တွေ့ဆုံရင် ပြောပေးဖို့ မစ္စ တာဆွန်ကော်ရှန်ကိုကျနော်တို့အဖွဲ့က တင်ပြတယ် "– ဟု ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရေး ကူညီပေးရန် လည်း တောင်းဆိုခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေး ၊ NCA အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ များကို သျှမ်းနှင့် ရခိုင် တို့၌ မကျင်းပနိုင်သေးခြင်း ကိစ္စတို့ ကိုပါ ဆွေးနွေးခဲ့သည်ဟုဆိုပါသည်။

တရုတ်ကိုယ်စားလှယ်ဘက် ကလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြပြီးအမြဲတမ်းအားပေးကူညီမည်ဟု တုံ့ပြန်ကြောင်း ၎င်းက ရှင်းပြသည်။

တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်အား တွေ့ဆုံသည့် အပစ်ရပ် ၈ ဖွဲ့မှ PPWT ကိုယ်စားလှယ်များမှာ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး၊ RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်း၊ ALP ၏ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ CNF အတွင်းရေးမှူး ဆလိုင်းထလာဟေး တို့ဖြစ်ကြောင်းသိရပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...