ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်းကျော်ရှမ်း(သျှမ်း)စစ်ဘေးရှောင်စခန်းအား အမေရိကန်ကောင်စစ်ဝန်ရုံးက သွားရောက်ကြည့်ရှုလေ့လာရာတွင် ရိက္ခာဖြတ်တောက်ခံရမှုများနှင့်ပတ်သက်ပြီး စခန်းတာဝန်ခံ က ရှင်းလင်းပြောပြခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မနက်ပိုင်းက အမေရိကန်ကောင်စစ်ဝန်ရုံးကကိုယ်စားလှယ် Consul General Jennifer A. Harhigh ဦးဆောင်သည့် ၃ ဦးပါအဖွဲ့က ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာရှိ လူဦးရေ ၄၀၀ ခန့်ရှိ ကုန်းကျော် သျှမ်းစစ်ဘေးစခန်းသို့သွားရောက်ကာ ကျန်းမာရေး ပညာရေး နှင့်နေထိုင်စားသောက်မှုအခြေအနေများကိုမေးမြန်းခဲ့ကြောင်း သျှမ်းစစ်ဘေး ရှောင်စခန်းများ ကော်မတီ ဥက္ကဌ ဆရာစိုင်းလျန်းက ပြောသည်။
"ကျနော်တို့ကို TBC ကနေ ရိက္ခာဖြတ်တောက်လိုက်တာကြောင့် အခက်အခဲဖြစ်နေတဲ့ အကြောင်း တွေကိုရှင်းပြခဲ့တယ်။ တကယ်လို့ အမေရိကန်နိုင်ငံအစိုးရကနေ စစ်ဘေးရှောင်တွေကို ကူညီ ထောက်ပံ့ပေးမယ့်အစီအစဉ်ရှိမယ်ဆိုရင် TBC ကနေတဆင့်မထောက်ပ့ံဘဲနဲ့ သျှမ်းစစ်ဘေး ရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီကို တိုက်ရိုက်ထောက်ပ့ံပေးပါလို့ တိုက်တွန်းပေးဖို့ ကျနော်တို့ ပြောပြခဲ့တယ်။ သူတို့အဖွဲ့ကလည်း မှတ်တမ်းရယူသွားပါတယ်။"– ဟု ဆရာ စိုင်းလျန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
ထိုင်း-မြန်မာနယ်စပ်နေ သျှမ်းစစ်ဘေးရှောင်စခန်း ၆ ခုအား ရိက္ခာကူညီထောက်ပ့ံမှုပေးသည့် TBC အဖွဲ့က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလကစပြီး ရိက္ခာဖြတ်တောက်မှုကြောင့် စစ်ရေးမတည်ငြိမ်သေးသဖြင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် သျှမ်းပြည်လူထု ၆၂၀၀ ကျော်မှာ အခက်အခဲတွေ့နေရပါသည်။ လက်ရှိတွင် စခန်းကော်မတီများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရိက္ခာအလှူခံကာ စစ်ဘေးရှောင်များအား ထောက်ပ့ံပေးနေကြောင်းသိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် ဒုက္ခသည်စခန်းသည် ထိုင်း နိုင်ငံအတွင်း တည်ရှိသည့် တစ်ခုတည်းသော သျှမ်းဒုက္ခသည်စခန်းဖြစ်သော်လည်း UNHCR မှ ဒုက္ခသည် စခန်းအဖြစ် အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။ အဆိုပါ စခန်းမှ တဆင့် တတိယ နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့်အခွင့်အရေးမရသည့်အပြင် ထိုင်းအစိုးရကလည်း ဒုက္ခသည်စခန်းအဖြစ် အသိအမှတ်ပြုထားခြင်းမရှိပေ။







