ကျဆုံးခေါင်းဆောင်များ အုတ်ဂူနေရာတွင် ကချင်တော်လှန်ရေးအထိမ်းအမှတ် ဆုတောင်းမည်

ကျဆုံးခေါင်းဆောင်များ အုတ်ဂူနေရာတွင် ကချင်တော်လှန်ရေးအထိမ်းအမှတ် ဆုတောင်းမည်

ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်မည့် ၅၇ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနား ဆုတောင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သော ခေါင်းဆောင်များ၏ အုတ်ဂူနေရာတွင် ကချင်တိုင်းရင်းသားများ စုပေါင်းကျင်းပသွားမည်ဟု သိရသည်။

အခမ်းအနား ကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်၍ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးခေါင့်ဟောင်း က "အရင်တုန်းက ကျနော်တို့ KIA စ ထောင်လာတဲ့ ဗိုလ်ချူပ် ဇော်ဆိုင်း ဇော်တူး တို့ပေါ့လေ၊ သူတို့ ညီအကို နှစ်ယောက်ပါတယ်။ နောက်ပြီးတော့မှ အထွေထွေအတွင်းရေးမှူးချူပ် ပါတယ်။ နောက်ပြီးတော့မှ သူတို့ရဲ့ သက်တော်စောင့် ဗိုလ်ကြီး တစ်ယောက်ပါတယ်။ သူတို့လေးယောက်က အဲ့ဒီမှာ အသတ်ခံလိုက်ရတယ်။ နယ်စပ်မှာ။ အဲ့ဒီမှာ ကျနော်တို့က သူတို့ရဲ့ အရိုးစတွေကောက်ပြီးမှ အဲ့ဒီမှာ ထားထားတာရှိတယ် အဲ့ဒီမှာ ကျနော်တို့က ဆုတောင်းပွဲပေါ့၊ အဲ့လိုပါ။" ဟု ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ကချင်တိုင်းရင်းသားများသည် ကချင်တော်လှန်ရေးနေ့ အခမ်းအနား နှင့် ဆုတောင်းပွဲများကို ယခင်က ကချင်လူမျိုးများနေထိုင်ရာ ဒေသအလိုက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် နီးစပ်ရာစုစည်းကြပြီး အခမ်းအနား ဆုတောင်းပွဲများသာ ကျင်းပလာလေ့ရှိပြီး ကျဆုံးခဲ့သည့် ခေါင်းဆောင်များနေရာတွင် ကျင်းပခြင်းသည် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်မိုင် (ခေါ်) ကချင်ကျေးရွာ အနီးရှိ ကချင်ခေါင်းဆောင်များ မြုပ်နှံထားသည့် နေရာတွင် ကျင်းပကြမည်ဖြစ်ပြီး အခမ်းအနားကို ဒေသခံများအပါအဝင်  ချင်းမိုင်ခရိုင် အတွင်းမှ ကချင်တိုင်းရင်းသူ တိုင်းရင်းသားများ တက်ရောက်ကြမည်ဟုလည်း သိရသည်။

ကျဆုံးခဲ့သည့် ကချင်ခေါင်းဆောင်များ နေရာတွင် အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ဦးဆောင်ပါဝင်သူ ဦးခေါင့်ဟောင်း က "ဒီနှစ်ကတော့ ကျနော်တို့ ဒီ တောင်ပေါ်မှာ သူတို့ရဲ့ ဒီအရိုးစတွေရော အထိမ်းအမှတ်ရော ဘာရော ဒီတောင်ပေါ်မှာရှိတော့ ကျနော်တို့လည်း အဲ့အတွက်လုပ်ထားပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အဲ့တောင်ပေါ်မှာ ဆုတောင်းပွဲတွေ ဘာတွေ တခါမှ မလုပ်ဖူးဘူးလေ၊ ဒါကြောင့်မိုလို့ ဒီနှစ်က အားလုံး မနှောပွဲလည်းမရှိ ဘာလည်းမရှိဆိုတော့ အားလုံးက အလုပ်အားနေတဲ့ နေ့တစ်နေ့မှာ ဖြစ်လို့၊ ဒီရွာသားတွေရော၊ လူထုတွေရော အားလုံး ညှိနှိုင်းပြီးမှ အဲ့ဒီမှာ ဆုသွားတောင်းပေးရအောင် ဆိုပြီးမှ ညှိနှိုင်းပြီး အဲ့တောင်ပေါ်မှာ သွားလုပ်တာဖြစ်တယ်။" ဟု ပြောဆိုသည်။

၅၇ နှစ်မြောက် ကချင်တော်လှန်ရေး အခမ်းအနားကျင်းပမည့် ကချင်ခေါင်းဆောင်များ မြုပ်နှံထားသည့် နေရာသည် KIA ကချင်လွတ် လပ်ရေးတပ်မတော် အဖွဲ့အတွင်း အာဏာရယူမှု ရှုတ်ထွေသည့် ပြသနာများ ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချူပ် ဇော်ဆိုင်း ဇော်တူး ညီအကို နှစ်ယောက် နှင့်အတူ အထွေထွေအတွင်းရေးမှူးချူပ် ဖုန်းရွှေဇော်ဆိုင်း နှင့် သက်တော်စောင့် ဗိုလ်ကြီး တစ်ဦးတို့ ထိုင်း မြန်မာ နယ်စပ်တွင် လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...