NCA ကတိကဝတ် ပြုချက်ကို ဦးစွာ လက်မှတ်ရေးထိုးမည်

NCA ကတိကဝတ် ပြုချက်ကို ဦးစွာ လက်မှတ်ရေးထိုးမည်

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တိုု့က NCA နှင့် ပတ်သက်ပြီး ညှိုနှိုင်းထားသည့် အချက်ရှစ်ချက်ကို ကတိကဝတ်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မတိုင်မီတွင် လက်မှတ်ရေးထိုးသွားမည်ဟု  LDU ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် က ပြောသည်။

"ကျနော်တို့ ပထမတော့ ဒီ ဖေဖေါ်ဝါရီ ၁၀ ရက် မတိုင်ခင်မှာ Deed of Commitment ပေါ့ နောက် NCA ၈ ချက် လက်မှတ်ထိုးဖို့။ ဒီ ၁၀ ရက် မတိုင်ခင်ပေါ့နော်။ ဖေဖေါ်ရီလ ၁၀ ရက်မတိုင်ခင်၊"

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချူပ် NCA ကိုမူ ဒုတိယ ပင်လုံညီလာခံ အစည်းအဝေးတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆော်လမွန်က ဆက်ပြောသည်။

"ပြီးရင် သူတို့က အရင်ညှိနှိုင်းချက်အရကတော့ ဒီတတိယအကြိမ် ပင်လုံညီလာခံ ကျမှ ၂၁ NCA လက်မှတ်ထိုးပွဲ လုပ်မယ်လို့တော့ ပြောခဲ့တယ်"

နေပြည်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တို့ကို မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန် ဦးဆောင်သည့် အဖွဲ့နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU ဥက္ကဌ ကြာခွန်ဆာ ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးအပြီး ဖေဖေါ်ဝါရီလ ဒုတိယအပတ်မတိုင်မှီ NCA  လက်မှတ်ရေးထိုးရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆင့်နှစ်ဆင့်ခွဲ၍ လက်မှတ်ရေးထိုးရန် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းခဲ့ကြပြီးနောက် ယ္ခုနောက်ဆုံး ဆွေးနွေးချက်အရ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မတိုင်မှီ ပထမအဆင့် လက်မှတ်ရေးထိုးရန် သဘောတူညီမှုရရှိပြီး ပြင်ဆင်နေကြောင်း လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် မှ ပြောသည်။

"အတိအကျတော့ ကျနော်တို့ Deed of Commitment ထိုးပြီးမှ အတိအကျ ရက်ပြန်ညှိလို့ရမှာပါ။ သူတို့ ရက်ချိန်းရင်တော့ မနက်ဖြန် သဘက်ခါ ချိန်းလာ မနက်ဖြန် သဘက်ခါ သွားဖို့ ကျနော်တို့ ပြင်ဆင်ဖို့ ရှိနေတယ်။ ရက်ကောင်းရက်မြတ် ရွေးနေကြတယ်။ သင်တော်တဲ့ရက်ကြရင် သွားဖို့ လက်မှတ်ထိုးဖို့ အဆင်သင့်ပဲ။"

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့တို့သည် NCA  လက်မှတ်ရေးထိုးကြမည်ဟု ဆုံးဖြတ်ထားပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ရခိုင်အမျိုးသားကောင်စီ ANC တို့သည် UNFC အဖွဲ့အနေနှင့် ကျန်ရှိနေသည်။

လက်ရှိ အခြေအနေတွင် NCA လက်မှတ်ရေးထိုးတော့မည့် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့တို့သည် UNFC တွင် ဆက်လက်ပါဝင်နေမှု ရှိမရှိ နှင့် ကျန်နေသည့် အဖွဲ့ဝင်များမှ လက်ခံခြင်း ရှိ မရှိ ဆိုသည်ကိုမေးမြန်းရာ ဗိုလ်မှူးကြီး ဆော်လမွန် မှ ယခုလို ပြောဆိုသည်။

"UNFC မှာတော့ ကျနော်တို့ ဒီ ဖေဖေါ်ဝါရီလအတွင်းမှာပေါ့နော် ကျနော်တို့ CEC မျက်နှာစုံညီ အစည်းအဝေးပွဲ တစ်ခုလုပ်မယ်၊ CC / CEC တွေပေါ့နော့် အားလုံး အဲ့ဒါ အစည်းအဝေးပွဲ တစ်ခု လုပ်မယ်လေ၊ အဲ့မှာ အများသဘောတူ ဆုံးဖြတ်ချက်ချတာတော့ ကျနော်တို့ လိုက်ရမှာပဲလေ၊ လောလောဆယ်တော့ အဖြေ မထွက်သေးဘူး၊"

မကြာသေးခင် ရက်ပိုင်းအတွင်း၌လည်း UNFC အနေဖြင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ဆွေးနွေး လက်စ ဖြစ်သည့် NCA နောက်ဆက်တွဲ အဆိုပြုချက် ၈ ချက်ကို ဆက်လက်ဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...