UNFC ထုတ်ပြန်ချက်ကို ကြိုတင်သိရှိထားခြင်းမရှိဟုနိုင်အောင်မငေး ရှင်းလင်း

UNFC ထုတ်ပြန်ချက်ကို ကြိုတင်သိရှိထားခြင်းမရှိဟုနိုင်အောင်မငေး ရှင်းလင်း
UNFC ထုတ်ပြန်ချက်တွင် ဆက်သွယ်ရန် နိုင်အောင်မငေး ဖုန်းနံပါတ်(Copy)
UNFC ထုတ်ပြန်ချက်တွင် ဆက်သွယ်ရန် နိုင်အောင်မငေး ဖုန်းနံပါတ်(Copy)

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC  အမည်ဖြင့် ထုတ်ပြန်ချက်ထုတ်ပြန်မည်ကို ပြန်ကြားရေးတာဝန်ခံဖြစ်သူ နိုင်အောင်မငေး ကြိုတင်သိရှိထားခြင်းမရှိကြောင်း ၄င်း၏ကိုယ်ပိုင် Facebook အကောင့်မှ မွန်သတင်းအေဂျင်စီသို့ပေးပို့သည့် ရှင်းလင်းချက်အရ သိရသည်။

၂၀၁၈ ဇန်နဝါရီလ ၂၄ ရက်နေ့စွဲဖြင့် UNFC သဘောထားထုတ်ပြန်ချက်တွင် ကျနော်၏ အမည် ပါဝင်ဝင်နေမှုအပေါ် ရှင်းလင်းချက်ခေါင်းစဉ်ဖြင့် “UNFC၏ သဘောထား ထုတ်ပြန်ချက်သည် UNFC-CEC အစည်းအဝေးဆုံးချက်မှာ မပါဝင်ခြင်း။ ထုတ်ပြန်ချက်တွင်ဖော်ပြထားသော အချက်များသည်လည်း ကြိုတင် ဆွေးနွေးညှိနှိုင်း သဘောထား ရယူထားခြင်းလည်းမရှိခြင်း။ ကျနော်၏ အမည်ကို ထည့်သွင်းဖော်ပြထားရာတွင် ကျနော်အား ကြိုတင် အသိပေးထားခြင်းလည်း မရှိပါ။ သို့ပါသောကြောင့် မိမိနာမည် ပါဝင်နေခြင်းသည် မိမိသဘောဆန္ဒ လုံးဝးမဟုတ်သည့်အတွက် မိမိအနေဖြင့် ယင်းထုတ်ပြန်ချက်အပေါ် ပါဝင်ပါတ်သက်မှုမရှိကြောင်း ရှင်းလင်းအပ်ပါသည်” ဟု နိုင်အောင်မငေး ရေးသားထားသည်။

NCA လက်မှတ်ရေးထိုးရေးနှင့် သဘောထားထုတ်ပြန်ကြေညာချက် ခေါင်းစဉ်ဖြင့် အဆိုပါ UNFC ကြေညာချက်တွင် “မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆိုပြုထားသော အချက် ၈ ချက် DPN နှင့် PC တို့၏ တရားဝင်နိဂုံးချုပ်နိုင်ရေးအဆင့်ကို UNFC အတွင်း အကျေအလည်ဆွေးနွေးသွားကြမည်ဖြစ်ပါသည်” ဟု ရေးသားထားပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်တွင် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဇော်နှင့် နိုင်အောင်မငေးတို့၏ အမည်နှင့် ဖုန်းနံပါတ်များ ဖော်ပြထားခြင်း ဖြစ်သည်။

နိုင်အောင်မငေး က “ကျနော်တို့ မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ် ဆုံးဖြတ်ချက်အရ NCA လက်မှတ်ထိုးတော့မှာကို UNFC ကိုကြိုတင် အသိပေးပြောထားတယ်။ ဘယ်လိုထိုးမယ်လို့ အသေးစိတ်ကိုတော့ ကျနော်တို့ မပြောထားဘူး။ ဒါပေမယ့် ဒီအတောအတွင်းမှာ လုပ်မယ်လို့ပဲ ပြောထားတယ်” ဟု ဆိုသည်။

UNFCနှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်ဆွေးနွေးထားသည့် အချက် ၈ ချက်နှင့် NCA  လက်မှတ်ရေးထိုးသွားမည့်အကြောင်းကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် UNFC ဗဟိုလုပ်မှုဆောင်ကော်မတီတိုးချဲ့ အရေးပေါ်အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ ပြောဆိုခဲ့ကြောင်း ပါတီခေါင်းဆောင်များထံမှ သိရသည်။

UNFC ဥက္ကဌနေရာယူထားသည့် မွန်ပြည်သစ်ပါတီနှင့် အဖွဲ့ဝင်ဖြစ်သော လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ မကြာခင် NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ သတင်းထုတ်ပြန်ပြီးနောက်တစ်နေ့တွင် အဆိုပါ UNFC ဗဟိုအလုပ်အမှုဆောင်ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

UNFC ဥက္ကဌဖြစ်သည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာသည် ကင်ဘာရာအခြေစိုက် သြစတေးလျအမျိုးသားတက္ကသိုလ်၌ မွန်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖိုရမ်တက်ရောက်နေစဉ် UNFC ထုတ်ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဖိုရမ်တွင် တစုံတရာရှင်းလင်းပြောဆိုခဲ့ခြင်းမရှိပေ။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...