RCSS နှင့် TNLA ကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

RCSS နှင့် TNLA ကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ကြား ဇန္နဝါရီလ ၁၈ ရက်နေ့မှ ယနေ့(ဇန်နဝါရီ ၂၂ ရက်နေ့)အထိ နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ကျနော်တို့ RCSS နဲ့ တိုက်ပွဲက (၁၈) ရက်နေ့ကနေ ပြန်စတယ်။ မနေ့ကအထိပေါ့နော်။ နမ့်ဆန်မြို့နယ်၊ ကြက်သေ(ကိုက်တိုင်)ပေါ့ ကြက်သေကျေးရွာအနီးမှာဖြစ်တယ်။ နှစ်ဘက်လုံးကျဆုံးမှုရှိတယ်။”

အသေအပျောက် စာရင်းကိုမူ အတိအကျ မရသေးဟု ဗိုလ်မှူး မိုုင်းအိုုက်ကျော်က ပြောသည်။

ယခုတိုက်ပွဲ ဖြစ်ပွားနေသည့် နေရာသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က အစိုးရတပ်မတော် နှင့် PSLF/TNLA တို့တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ဖြစ်တဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ လောက်က အဲဒီဒေသကို မြန်မာ့တပ်မတော်ကအင်အား အလုံးအရင်းနဲ့ လာပြီးမှ ထိုးစစ်ဆင်လာတယ်။ ထိုးစစ်ဆင်လာတော့ ပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပစ်တော့ လူထုတွေထွက်ပြေးတယ်။ ကျနော်တို့က လူထုတွေ နာမှာစိုးလို့ ကျနော်တို့က အဲ့ဒေသကနေ ဖယ်ပေးလိုက်တယ်။

PSLF/TNLA က ရှောင်ပေးလိုက်သည့် နေရာများကို RCSS/SSA က ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု PSLF/TNLA က ပြောသည်။

“ဇန္နဝါရီ ၁၄ ရက်နေ့က မြန်မာ့တပ်မတော်က ကြက်သေကျေးရွာမှာ လူနေအိမ်သုံးလုံး မီးရှို့ပြီးမှ အဲ့ကနေထွက်သွားတယ်။ ထွက်သွားတဲ့အချိန် ကျနော်တို့အဖွဲ့ပြန်ဝင်တာ၊ ပြန်ဝင်ပြီးမှ ဒီ RCSS နဲ့တိုးပြီး ပြန်ပြီးတိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၈ ရက်နေ့က နမ့်ဆန်မြို့နယ်အတွင်းရှိ ကိုက်တိုင်ကျေးရွာအောက်ဖက်တွင် PSLF /TNLA တပ်မဟာ ၂ လက်အောက်ခံတပ်များနှင့် RCSS/SSA တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉ ရက်နေ့ တွင်လည်း ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာနှင့် ကြက်သေ(ကိုက်တိုင်)ကျေးရွာအကြားတွင် နံနက် ၉ နာရီခွဲကနေ ညနေ ၇ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး RCSS/SSA ကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်၍ မရပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် အစိုးရတပ်မတော်၊ RCSS/SSA နှင့် PSLF/TNLA တို့ကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်ကာ နီးစပ်ရာမြို့များသို့ စစ်ဘေးရှောင်နေကြရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA က ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း PSLF/ TNLA နှင့် တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...