ရှမ်းရိုးရာအိုးစည်ဗုံမောင်းပေါ် ခုန်တက်တီးခတ်ကပြသည့် ရွှေကြက်ဖနှင့်လျှမ်းလျှမ်းတောက်အဖွဲ့ မန္တလေးရှမ်းမိသားစုများထံ ၀န်ချတောင်းပန်

ရှမ်းရိုးရာအိုးစည်ဗုံမောင်းပေါ် ခုန်တက်တီးခတ်ကပြသည့် ရွှေကြက်ဖနှင့်လျှမ်းလျှမ်းတောက်အဖွဲ့ မန္တလေးရှမ်းမိသားစုများထံ ၀န်ချတောင်းပန်

မန္တလေးမြို့တွင် ရှမ်း(သျှမ်း)ရိုးရာအိုးစည်ဗုံမောင်းပေါ်တက်ကာ အိုးစည်တီးကပြသော အဖွဲ့များအား မန္တလေး ရှမ်း(သျှမ်း)စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးသို့သွားကာ ၀န်ချတောင်းပန်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဦးဝင်းနိုင် ဦးဆောင်တဲ့ ရွှေကြက်ဖ သျှမ်းအိုးစည်အဖွဲ့နဲ့ ဦးမြင့်ငွေ ဦးဆောင်တဲ့ လျှမ်းလျှမ်းတောက် သျှမ်းအိုး စည်အကအဖွဲ့တွေပေါ့။ ဒီလ ၁ ရက်နေ့တုန်းက ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မှာ သူတို့အကအဖွဲ့ သျှမ်းအိုးစည်တီး ကပြဖျော်ဖြေတယ်။ အိုးစည်ပေါ်တက်ပြီး ခုန်ပေါက်တီးခတ်ဖျော်ဖြေတယ်။ ဒါဟာ သျှမ်းရိုးရာနဲ့ဆန့်ကျင်တယ်ဆိုပြီး သျှမ်းလူထုရှေ့မှာလာရောက်ဝန်ချတောင်းပန်ဖို့ မန္တလေး သျှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဂျန္နဝါရီလ ၁၃ ရက်နေ့ကကြေငြာချက်ထုတ်ပြန်တယ်။ အဲဒါကြောင့် ဒီနေ့ သူတို့ သျှမ်းစာပေယဉ်ကျေးမှုရုံးကိုလာပြီး အသင်းဥက္ကဌနဲ့ လူထုရှေ့မှာ ၀န်ချတောင်းပန်တာဖြစ်ပါတယ်”- ဟု ရုံးတာဝန်ခံ လက်ထောက်အတွင်းရေးမှူး ယိင်းမောက်နွံခေါ၀်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးသျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံခဲ့ကြရာ မန္တလေး သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ စိုင်းဝင်းလှိုင် နှင့်အသင်း၏အကြီးအကဲအပါအဝင် မန္တလေးမြို့နေ သျှမ်းမိသားစုအသိုင်းအဝိုင်းမှ ရပ်မိရပ်ဖများ စုစုပေါင်း ၃၀ ခန့် တက်ရောက်ကြသည်။ ရွှေကြက်ဖ နှင့် လျှမ်းလျှမ်းတောက်အဖွဲ့ကမူ ကိုယ်စားလှယ် ၅ ဦးခန့်ရောက်ရှိ၀န်ချခဲ့ကြသည်။

“သူတို့ဘက်က မသိလို့မှားလုပ်မိတာဖြစ်ကြောင်း ကန်တော့ပွဲနဲ့အတူဝန်ချတောင်းပန်တယ်။ နောက်နောင်တွေမှာ ထပ်မဖြစ်အောင်သတိထားသွားမယ်ဖြစ်ကြောင်း ၊အခကြေးငွေကောက်ယူပြီးပြသ တာလည်းမဟုတ်ကြောင်း တောင်းပန်တယ်။ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့က အကြီးအကဲတွေကပြန်ပြောတာကတော့ -သျှမ်းအိုးစည်ကို တိုင်းရင်းသားတိုင်းက တီးလို့ရတယ်။ ကိုယ်ဟန်အမူအရာရယ် နှုတ်ဟန်အမူအရာရယ် သျှမ်းအိုးစည်ကို လေးစားရမယ်။ ကိုယ်ကျိုးမပါတဲ့တီးခတ်မှုမျိုး ဖြစ်ရမယ်။ ဒီအချက် ၂ ချက်အတိုင်းလုပ်ရင် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကလည်း ဘာမှ ပြောစရာမရှိဘူး လို့ ဥက္ကဌကြီးနဲ့ လူကြီးတွေကပြောဆိုသွားတယ်။ ”- ဟု ယိင်းမောက်နွံခေါ၀်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုသို့ဖြစ်ရပ်မျိုးထပ်မံမဖြစ်အောင် စာပေယဉ်ကျေးမှု၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ယဉ်ကျေးမှုဌာနဝန်ကြီး တို့ ချိတ်ဆက်လုပ်ဆောင်သွားရန်လိုအပ်သကဲ့သို့ အစိုးရဘက်ကလည်းတရားဝင်လက်ခံပေးဖို့လိုကြောင်း သျှမ်းလူငယ်လွယ်ခမ်းပန်က ပြောသည်။

“တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးဥပဒေတွေမှာတရားဝင်ကာကွယ်ပေးရမယ်။ နိုင်ငံပိုင်ရုပ်သံလိုင်းကနေတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအစီစဉ်မှာပညာပေးဆွေးနွေးခန်းတွေ ဖျော်ဖြေရေးအစစ်အမှန်တွေလုပ်ပေးသင့်ပါတယ်။ စာပေယဉ်ကျေးမှုအနေနဲ့ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေတိတိကျကျချမှတ်ပြီးဟန်ချက်ညီညီလုပ်ဖို့လိုအပ်နေပါတယ်။ တနိုင်ငံလုံးဆိုင်ရာရှမ်းစာပေယဉ်ကျေးမှု ဗဟိုက ဒီလိုအငြင်းပွားမှုတွေကို ဖြေရှင်းဖို့လုပ်ငန်းအဖွဲ့တွေထားသင့်တယ်”- ဟု ၄င်းကဆိုပါသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...