ခေါင်ရည်ဟာ တကယ်တော့ ချင်းတိုင်းရင်းသားတို့ရဲ့ အမြတ်တနိုးထားခဲ့တဲ့ အမျိုးသားသင်္ကေတပါ။ ခေါင်ရည်ဟာ အရက် နွယ်ဝင် တစ်မျိုးဖြစ်ပြီး ကစော်ဖေါက်ထားသော ရိုးရာအရက်ဆိုလည်း မမှားပါဘူး။ အရောင်ကတော့ ခပ်နောက် နောက် အဖြူရောင် ဖြစ်ပြီး အရသာကတော့ ချိုမြိန်ပါတယ်။
ခေါင်ရည်ပြုလုပ်ရာမှာ ဆန်၊ ပြောင်းဖူး ဒါမှမဟုတ် ဆပ်နီ ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကိုယ်အသုံးပြုမယ့်အရာကို အအေး ခံ၊ ဖွဲကြမ်းနဲ့ ရောပြီး တဆေးထည့်၊ ပြီးရင် အဖုံးကို လေလုံအောင် ပိတ်ထားရပါတယ်။ ခေါင်ရည်ကို အများအားဖြင့် အ ရွယ်အစား မတူညီတဲ့ အိုးတွေနဲ့ ဖောက်တာဖြစ်ပြီး နှစ်ရှည်ထားချင်သူတွေကတော့ ဗူးသီးခြောက်ထဲ ထည့်၊ အဝကို ဗူးသီး ခြောက်နဲ့ ပြန်ဖုံးပြီး ပျားဖယောင်းနဲ့ လုံအောင်ပိတ်ထားရပါတယ်။ အမျိုးအစားအလိုက် ခေါင်ရည် သိပ်တဲ့နေရာမှာ တချို့ က သုံး၊ လေးလ နဲ့ ပြန်ဖောက်လေ့ ရှိသလို တချို့ကတော့ နှစ်နဲ့ချီပြီး ထားလေ့ရှိပါတယ်။
“ အခု အဘိုးက အသက် (၉၀) ရှိပါပြီ။ ငယ်ငယ်ကတည်းက ပွဲလုပ်တဲ့နေရာ ဖြစ်ဖြစ်၊ အိမ်ဆောက် သက်ကယ်မိုးပြီးရင် ဖြစ် ဖြစ် အဘိုး ရဲ ့အဖေက ခေါ်သွားလေ့ရှိပြီး အဘိုးပါးစပ်ထဲက ခေါင်ရည် အကျန်တွေကို ခွံ ့တိုက်လေ့ရှိတာကို သတိရတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀)အထိတော့ ခေါင်ရည်သောက်ဖြစ်သေးတယ်၊ ချက်အရက်တော့ လုံးဝမသောက်ပါ။ နောက်ပိုင်းတော့ ခေါင်မထည့်ဖြစ်တော့ မသောက်ဖြစ်တော့ဘူး” ဟု ချင်းတိုင်းရင်းသား အဘိုးကြီးတစ်ဦးက မီးလှုံ ဆေးတံပြောင်းရှူရင်း ခေါင်ရည်အကြောင်းကို ရှင်းပြခဲ့တယ်။
ဓာတုပစ္စည်း မပါ၀င်တဲ့ ခေါင်ရည်ဟာ ချင်းတိုင်းရင်းသားတွေကြားက လူမှုဆက်ဆံရေးကိုလည်း တည်ဆောက်ပေးတတ် ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြား မဖြေရှင်းနိုင်တဲ့ ပြဿနာရှိရင် ခေါင်ရည် အတူစုပ်ရင်း ဖြေဖျောက်ကြလေ့ ရှိပါတယ်။ ဒါ့အပြင် ကိုယ့်အိမ်ကို ဆွေတွေ မျိုးတွေလာတဲ့အခါ၊ ဧည့်ကောင်းဆောင်ကောင်းတွေ လာတဲ့အခါဆိုရင် ခေါင်ရည်ဟာ ဧည့်ခံစရာ တစ်ရပ်အဖြစ် အမြဲတမ်း ပါ၀င်လေ့ ရှိပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ပွဲတစ်ခုခုလုပ်တိုင်း၊ အလှူတစ်ခုခုလုပ်တိုင်း ခေါင်ရည် မပါရင်် အများက ကဲ့ရဲ့ခြင်းကို ခံရလေ့ ရှိပါတယ်။
ခေါင်ရည်သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ပေးတယ်လို့ သုတေသန စာတမ်း မပြုစုထားရသေးပေမယ့်လည်း ရှေးလူကြီးတွေကတော့ “အခုနောက်ပိုင်း ခေါင်ရည်အစား ချက်အရက်၊ ပုလင်းထဲက အရက်သောက်သောသူအများစု အသက်(၄၀) ၀န်းကျင်တွေ သေဆုံးကုန်ကြပြီ၊ ရောဂါအမျိူးမျိူးရရှိနေကြပြီ၊ မသေသင့် ဘဲအသေစောနေကြပြီ”ဟု ဆေးတံပြောင်းကို ဆေးလိပ်မီးညှိရင်း စိတ်မသက်မသာနှင့် အသက်(၉၀)အရွယ် အဘိုးကြီးက ဆိုလိုက်ပါတယ်။
မတူပီမြို့ကို ကြည့်လိုက်ရင် အပေါ်ယံဘီယာဆိုင်နာမည်ခံ အရက်ဆိုင်တွေက ဟိုးအရင်ကထက် ပိုများလာပါပြီ။ ကောက် ယူရရှိတဲ့ စာရင်းတွေအရ မြို့ပေါ်မှာ အရက်ဆိုင်ပေါင်း ရှစ်ဆိုင်ရှိလာပြီး နေရာတိုင်းမှာလည်း ဘီယာ၊ အရက်ကြော်ငြာ တွေက ပလူပျံနေပါတယ်။ အဲဒီအရက်ဆိုင်တွေမှာ ဘီယာအပြင် တခြားသော အရက်အမျိုးအစားပေါင်းစုံကို ဒီဇိုင်း ဆန်းဆန်း ထွင်ထားတဲ့ ပုလင်းတွေနဲ့ ရောင်းနေကြတာပါ။ အဲဒီ အရက်ဆိုင်တွေမှာ တစ်နေ့ကို ဘီယာအပါအဝင် အရက်မျိုးစုံ ပုလင်းပေါင်း ၅၀ ခန့် ရောင်းရနေရတယ်လို့ သိရပြီး ဒီအတိုင်းဆိုရင် ဆိုင်ရှစ်ဆိုင်ဆိုတော့ ပုလင်းပေါင်း ၄၀၀ ကို နေ့စဉ် ရောင်းနေရတဲ့ သဘောပါ။
“တဖက်မှာ ပြည်မက အရက်ဘီယာတွေစျေးနှုန်းချိူသာစွာဖြင့် ၀ယ်လို့ရတယ်၊ အခု ချက်ချင်းဝယ် ချက်ချင်းသောက် လို့ရတယ်၊ အခု ခေါင်ရည်က တအိုးမှာ ၂၀၀၀၀ ကျော်နဲ့ ၀ယ်ရတယ်၊ ဥပမာ နှစ်သောင်းကျော်နဲ့ အရက်အကောင်းစား ဘလက်လယ်ဘဲလ်တွေ ၀ယ်လို့ရတယ်၊ ခေါင်ရည်က နှစ်ရက်သုံးရက်လောက် မှာသောက်ရတယ်” ဟု ခေါင်ရည်အစား ပုလင်းတွေနဲ့ ထည့်ထားတဲ့ ဘီယာနဲ့ အရက်ကို သောက်သုံးနေတဲ့ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဆိုပါတယ်။
တကယ်တော့ အရက်ဘီယာ သောက်သုံးမှု မြင့်တက်လာရခြင်းဟာ အားကောင်းကောင်းနဲ့ ၀င်လာတဲ့ ကြော်ငြာတွေနဲ့ နေရာတိုင်း၊ အချိန်တိုင်း လွယ်လင့်တကူ ရတဲ့အချက်ဆိုရင် မမှားပါဘူး။
သောက်သုံးမယ်ဆိုရင် လနဲ့ချီ စောင့်ဆိုင်းရတဲ့ ခေါင်ရည်အစား လွယ်လင့်တကူရတဲ့ ဘီယာက လူငယ်တွေအတွက် အကြိုက်တွေ့စ ရာ ဖြစ်နေပါပြီ။ ဒါ့အပြင် အရက်၊ ဘီယာဆိုင်တွေဟာ အလုပ်အကိုင်ရှားပါပြီး အားလပ်ချိန် များလာတဲ့ လူငယ်တွေအတွက် ဆုံစည်းရာနေရာ တစ်ခုဖြစ် လာခြင်းကလည်း အရက်၊ ဘီယာ ရောင်းချရမှုကို အားပေးလျက် ရှိပါတယ်။
“ကျနော်တို့က ပျော်ချင်လို့ သောက်တာဗျ၊ လူငယ်တွေ စုံဖို့ကလည်း ဒီနေရာတွေက အဆင်ပြေတယ်။ အလုပ်မရှိတဲ့ အချိန် ပဲ သောက်ဖြစ်တာပါ။ အလုပ်ရှိတဲ့အချိန်ကတော့ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ အလုပ်က တစ်ပတ်လုံး မရှိဘူးဆိုရင် တော့ အဲဒီ ဘီယာ၊ အရက်ဆိုင်မှာပဲ အချိန်ဖြုန်းရတော့တာပေါ့” ဟု လူငယ်တစ်ဦးက ဆိုသည်။
ဘီယာ၊ အရက်တွေကို လူငယ်တွေ သောက်သုံးမှု မြင့်တက်လာချိန်မှာ ခေါင်ရည်နဲ့ ပတ်သက်လို့ ဘာသာရေးကျောင်း တွေမှာလည်း ကန့်သတ်မှုတွေ ရှိလာတာက ခေါင်ရည်ရဲ့ ယဉ်ကျေးမှုကို ရှေ့ဆက်မရအောင် ဟန့်တားလို့ နေပါတယ်။
“ကျွန်တော်တို့ရွာမှာ အရင်တုန်းက ခေါင်ရည်ထည့်ကြတယ်၊ သောက်ကြတာပေ့ါ၊ နောက်ပိုင်းခရစ်ယာန်သာသာနာပြု Pastor တွေ၊ တရားဟောဆရာတွေက ခေါင်ရည်သောက်တဲ့လူတွေ စေတန်၊ နတ်ဆိုးလို့စွပ်စွဲတယ်၊ ခေါင်ရည်သောက်တာ ဘုရားသခင် မကြိုက်ဘူး၊ အပြစ်သားလို့ပြောကြတော့ နောက်ပိုင်းရှက်ကြောက်လို့ခေါင်ရည်မသောက်ဖြစ်တော့ဘူး၊ ထည့် လည်းမ ထည့်တော့ဘူး၊ တချိူ့တရားဟောဆရာတွေက ခေါင်အိုးကို ရိုက်ခွဲကြတယ်” ဟု ခေါင်ရည်သောက်သုံးသူတစ်ဦး က ဆိုသည်။
ဒါနဲ့ ပတ်သက်လို့ သင်းအုပ်ဆရာတစ်ဦးကလည်း “ခေါင်ရည်တင်မဟုတ်ဘူး မူးယစ်ဆေးဝါးမှန်သမျှမသုံးတာကောင်းတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခန္ဓာတစ်ခုလုံးဟာ ဘုရားသခင်ဖန်ဆင်းထားတဲ့အတွက် သန့်ရှင်းရမယ် မဖျက်ဆီးရဘူး’’ဟု ဆိုထားပြန်ပါတယ်။
မည်သို့ပင်ဖြစ်စေ ဘာသာရေးအရ တားမြစ်မှုများ ရှိလာပါစေ အရက်၊ ဘီယာဆိုင်များကတော့ အခုအချိန်အထိ လူစည် ကားနေဆဲပါ။ သို့သော် အတည်ြ့ပုချက် မရနိုင်သေးပေမယ့် ဓာတုဆေးဝါး လုံးဝမသုံးစွဲဘဲ ချက်လုပ်တဲ့ ခေါင်ရည်ကတော့ တစ်စထက် တစ်စထက် နောက်တန်းကို ရောက်လာနေပါပြီ။
ရိုးရာဓလေ့အပေါ် အခြေတည်ခဲ့တဲ့ ခေါင်ရည်တည်ခြင်း အလေ့အထဟာ တကယ်တော့ ထိန်းသိမ်းထားရမယ့် အမွေအနှစ် တစ်ရပ်လို့ ဆိုသူတွေ ရှိလာပါပြီ။
“ခေါင်ရည်ကို မထိန်းရင်လည်း အရက်၊ ဘီယာက ရှိနေမှာပဲ။ ခေါင်ရည်ကို မူးယစ်ဆေးဝါးအမြင်နဲ့ မမြင်စေချင်ဘူး။ ခေါင်ရည်ကို ရိုးရာဓလေ့ဆိုတဲ့ အမြင်နဲ့ ထိန်းသိမ်းသင့်တယ်။ ဘာသာရေးအမြင်နဲ့တော့ မကြည့်နဲ့ပေါ့။ အခုက သင်းအုပ် ဆရာတွေက တားလည်း သောက်နေကြတာပဲလေ။ ရိုးရာအနေနဲ့ ခေါင်ရည်ကို ထိန်းသိမ်းသင့်တယ်” ဟု တီးတိန်မြို့နယ်မှ သင်းအုပ်ဆရာ တစ်ဦးက ဆိုပါတယ်။
သူတို့တွေ ဘယ်လောက်ပဲ ထိန်းသိမ်းရမယ်လို့ ဆိုစေကာမူ ရိုးရာခေါင်ရည်အိုးတွေဟာ ခေတ်ပေါ် ဒီဇိုင်းစုံနဲ့ ထုတ်လုပ်နေ တဲ့ အရက်၊ ဘီယာတွေနောက် ရောက်ပြီး ထိန်းသိမ်းမယ့်သူ ရှားပါးလာနေပါပြီ။ ခေါင်ရည်ကို မူးယစ်ဆေးဝါးဆိုတဲ့ ရှုထောင့်ကနေ မကြည့်ဘဲ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ရှုထောင့်က ကြည့်ပြီး မတိမ်ကောမပပျောက်ခင်မှာ အချိန်မှီ ထိန်းသိမ်းသင့်ပြီဆိုတာ တပ်လှန့်တင်ပြလိုက်ပါတယ်။
(စာရေးသူ ဆာလောင်းသည် အပတ်စဉ်ထုတ်ဝေသော The Matupi Times ဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သည်။)







