၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ရွှေ့ပြောင်းအလုပ်သမား ၄ သောင်းခွဲနီးပါးဝင်ရောက်လာ

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ရွှေ့ပြောင်းအလုပ်သမား ၄ သောင်းခွဲနီးပါးဝင်ရောက်လာ
ရွှေ့ပြောင်းအလုပ်သမားများ၏ ရေးမြို့နယ်ရှိရေလုပ်ငန်းတစ်နေရာ(photo: MNA)
ရွှေ့ပြောင်းအလုပ်သမားများ၏ ရေးမြို့နယ်ရှိရေလုပ်ငန်းတစ်နေရာ(photo: MNA)

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၄ သောင်းခွဲနီးပါးခန့်ဝင်ရောက်လာရာ သာမာန်ရွှေ့ပြောင်းအလုပ်သမား (၃၁,၀၀၀) ကျော်နှင့် ယာယီရွှေ့ပြောင်းအလုပ်သမား (၁၃,၀၀၀) ကျော်ရှိကာ ရွှေ့ပြောင်းအလုပ်သမားအိမ်ထောင်စု (၉,၀၀၀) ကျော်ရှိသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် မော်လမြိုင်ခရိုင်၌ ၃ သောင်းကျော်နှင့် သထုံခရိုင်၌ ၁ သောင်း ကျော်ရှိကာ မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အများဆုံးနေထိုင်လျက်ရှိကြောင်း မွန်ပြည်နယ် (လ.ဝ.က) ညွှန်ကြားရေးမှူး ဦးရှိန်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အဲ့နေရာ ဘာလို့များလဲဆိုတော့ အလုပ်ပေါ့၊ လာနေတဲ့လူကတော့ ဟိုကနေ ဧရာဝတီတိုင်းတို့ မကွေးတိုင်းတို့၊  ဧရာဝတီတိုင်းကနေ နာဂစ်(၂၀၀၈) ကြောင့် တစ်ချို့က အိုးအိမ်တွေပျက်စီးကုန်တာ၊ သူတို့အလုပ်လုပ်ဖို့ လာကြတယ် ရေလုပ်ငန်းတွေ လယ်ယာကိုင်းကျွန်းတွေ ဥယျာဉ်ခြံတွေလုပ်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကာယကံရှင်အပေါ်မူတည်ပြီး ထုတ်ပေးရမှာ ဖြစ်သည့်အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၀) ဦးကျော်ရရှိထားပြီဟု ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများလာသည့်အတွက် မွန်ပြည်နယ်တွင် အခြေခံအလုပ်သမား(ကျဘမ်း) များပြားလာခြင်း၊ အကျင့်စာရိတ္တပျက်ယွင်းပြီး ဒုစရိုက်မှုများပြားလာခြင်း၊ မွန်အမျိုးသားများနှင့် သွေးနှောလာခြင်းနှင့် ယဉ်ကျေးမှုယိုယွင်းလာခြင်း စသည့် ကောင်းကျိုး ဆိုးကျိုးများရှိသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“မွန်ပြည်နယ်သားတွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတာများတယ်၊ လယ်ယာလုပ်ဖို့အတွက် အလုပ်သမားအခက်အခဲရှိတယ် သူတို့လာနေထိုင်ရင် အလုပ်သမား ရှာလွယ်တယ်။ ပြီးတော့ ခိုးတာလုတာတွေ သူတို့ကြောင့်လည်း တွေ့နေရတယ်။ တစ်ချို့ဆိုရင် မွန်တွေနဲ့ အိမ်ထောင်ကျတယ် သွေးရောလာတယ် ယဉ်ကျေးမှုတွေ ပျက်စီးလာတယ်” ဟု ၎င်းက ပြောသည်။

လဝကဌာနသတ်မှတ်ချက်အရ ပြည်နယ်အတွင် ၃ နှစ်ကြာခန့် ဝင်ရောက်နေထိုင်သူများကို ယာယီရွှေ့ပြောင်းအလုပ်သမား၊ ၃ နှစ်အထက် နေထိုင်သူများကို သာန်မာန်ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ဧရာဝတီတိုင်းမှ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် အထက်အညာဒေသမှလည်း ဝင်ရောက်လာသည်ဟု သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းတွင် မွန်ပြည်နယ် လူဦးရေ (၂) သန်းကျော်ရှိကာ ပြည်ပသို့ ထွက်ခွာနေသော လူဦးရေသည် (၄) သိန်းကျော်၊ ရွှေ့ပြောင်းဝင်ရောက်လာသူအလုပ်သမား ၃ သိန်း ၄ သောင်းကျော် ရှိသည်ဟု ဖော်ပြထားသည်။

NLD အစိုးရအာဏာစတင်လွှဲပြောင်းယူစဉ်ကာလ ရက် ၁၀၀ စီမံကိန်းတွင် သစ္စာစီမံချက်ဖြင့် အဆိုပါရွှေ့ပြောင်းအလုပ်သမားများအား မူရင်းဇာတိနယ်မြေမှအထောက်အထားမပါဘဲ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခဲ့သည်ကို တွေ့ရှိရသည်။ 

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...