ရှမ်းပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး ၄ ဦး ဒဏ်ရာပြင်းထန်ရရှိ

ရှမ်းပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး ၄ ဦး ဒဏ်ရာပြင်းထန်ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မုန်းပေါ်ကျေးရွာအုပ်စုအတွင်း၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သည့်အတွက် ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု မုန်းပေါ် ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့  ညနေ ၃ နာရီခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး  ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူ မုန်းပေါ် ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ပေါက်ကွဲမှုကတော့ ထောင်ထားတဲ့မိုင်းလို့ ယူဆရတယ်။ အဲဒီကောင်က ဟိုနားရွာနဲ့ မန်တိုင်ရွာ လမ်းခွဲနားလေးမှာပေါ့။ အဲဒါကို အဲဒီမှာ ကျောင်းဆင်းတော့ ကလေးတွေက ကလေး ၅ ယောက်ပေါ့နော သူတို့အတူတူ လာနေရင်းနဲ့ ကလေးတစ်ယောက်က မြင်လို့ပြလိုက်တဲ့ဟာကို နောက်တစ်ယောက်က ခဲနှင့်ထုလိုက်တာ ခဲနဲ့ထုလိုက်တော့ အဲဒီခဲနဲ့ထုတဲ့ကောင်က ကွဲသွားတော့ ခဲနဲ့ထုတဲ့ကောင်က အဲမှာပွဲချင်းပြီးသေတယ် ကျန်တဲ့ ၄ ဦးက ဒဏ်ရာရ တာပေါ့နော”

အသက် ၁၂ နှစ်အရွယ် မောင်အောင်လင်းထွန်းမှာ မိုင်းပေါက်ကွဲသည့်နေရာတွင် သေဆုံးခဲ့ပြီး မောင်ခိုင်လင်းထွန်း အသက်(၁၀)နှစ်၊ မောင်တန်မိုင် အသက် (၁၃) နှစ်၊ စိုင်းအိုက်အုံး အသက် (၁၀)နှစ်နှင့် စိုင်းအိုက်ထွန်း အသက်(၈)နှစ် တို့မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာ ရရှိသည့် ကလေးငယ် ၄ ဦးအား ဆေးဝါးကုသမှု ခံယူရန် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ကလေး ၂ ဦးမှာ အနည်းငယ်စိုးရိမ်ရသည့်အတွက် လားရှိုးပြည်သူ့ ဆေးရုံသို့ ညတွင်းချင်း လွှဲပြောင်းပေးလိုက်ရသည်ဟု မုန်းပေါ် ဒေသခံက ပြောသည်။

“၂ ယောက်ကတော့ နည်းနည်းလေး စိုးရိမ်ရလို့ လားရှိုးဆေးရုံကို မနေ့ညကပဲ ပြန်လွှဲပေးလိုက်တယ်ပေါ့နော။ တစ်ယောက်က သူရဲ့ဗိုက်နားလောက် ဗိုက်နဲ့ဆီးစပ်ကြားထဲမှာ ဘန်နာဝင်သွားတဲ့အတွက် အဲဒါနည်းနည်း စိုးရိမ်ရလို့နော။ ခွဲစိတ်ကုသမှု ခံယူရမယ့် အနေအထားလည်းရှိတယ်။ အဲဒါကြောင့်မို့လို့ စိုးရိမ်စရာကြီးတော့ မဟုတ်ဘူးပေါ့။”

လက်ရှိတွင် မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံနေရသည့် ကလေးငယ်နှစ်ဦး၏ အခြေအနေမှာလည်း စိုးရိမ်ရသည့်အတွက် လားရှိုးပို့ဖို့ စီစဉ်နေသည်ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

“ကလေးတွေက ဒီနေ့ထပ်ပြီးတော့ လားရှိုးကို ထပ်ပို့မှာတဲ့။ မူဆယ်မှာမနိုင်တဲ့အတွက်ကြောင့်မလို့၊ အဲ့ဒါကြောင့် မို့လို့ သူတို့က အာမမခံရဲတဲ့အတွက်ကြောင့်မို့လို့ လားရှိုးပို့မယ်တဲ့။ ဒီနေ့ပဲ အခုပဲ လားရှိုးကို ထပ်ပို့တော့မယ်”

အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စိုးရိမ်ရသည့် အနေအထားကြောင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ရန်စီစဉ်နေကြောင်း အတည်ပြုပြောဆိုသည်။

ယခုပေါက်ကွဲခဲ့သည့် မိုင်းသည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မုန်းပေါ်ဒေသတွင် အစိုးရတပ်မတော်၊ မုန်းပေါ် ပြည်သူ့စစ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အခြား တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တို့ သွားလာလှုပ်ရှားမှုများ ရှိသည်ဟု သိရသည်။

မုန်းပေါ်ဒေသအတွင်း ယခုကဲ့သို့ ပေါက်ကွဲမှုမျိုး ၂၀၁၆ ခုနှစ်က တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ်အတွင်းတွင်  ယခုတစ်ကြိမ်အပါအဝင် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...
March 15, 2024
စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား...
March 8, 2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက...
March 8, 2024
ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု...