KIA အား မြန်မာတပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်

KIA အား မြန်မာတပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်

မြန်မာ့တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်ရာ ဧရိယာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် လေယာဉ်ပျံဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA က ပြောသည်။

“လေယာဉ်ပျံနဲ့ တိုက်တာက တပ်ရင်း ၂၇ မန်ဝင်းကြီး ဖက်မှာပေါ့။ ဂျက်ဖိုက်တာနဲ့ ၂ ခေါက်လာပစ်ဆိုတဲ့ သတင်းကြားပါတယ်။ လေယာဉ်ပျံနဲ့လာတိုက်တယ်ဆိုတဲ့ သတင်းကတော့ အတည်ပြုလို့ရပါတယ်” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီ မှ ညနေ ၃ နာရီ အချိန်အထိ  မြန်မာ့တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ၏ လုံခြုံရေးကင်းစခန်း ၁ ခုဖြစ်သော လွယ်ဂျွန်ဘွမ် ကင်းစခန်းကို ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဟု KIO/KIA က ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက် ယနေ့နံနက်တွင် မြန်မာ့တပ်မတော်က လိုင်ဇာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည် ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ဒီနေ့မနက်ပိုင်း တိုက်ပွဲအခြေအနေကတော့ အဲဒီလိုင်ဇာဌာနချုပ်နားမှာကတော့ ဒီမနက် ၈ နာရီ နည်းနည်းကျော်တဲ့အချိန်မှာကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာကတော့ရှိတယ်။ ဘွမ်ရွယ်တောင်ကနေ လှမ်းပစ်တာ ဒီလိုင်ဇာအထက်က ဆင်ရွမ်းဘွမ်ဆိုတဲ့ KIA ရှိတဲ့ဖက်မှာပစ်တာ။ ပြန်ပြီးတော့မှ တုန့်ပြန်ပြီးတိုက်ပွဲဖြစ်တာတော့ မဟုတ်ပါဘူး။ တပ်မတော်ဖက်ကနေ လှမ်းထုတာကတော့ ရှိတယ်။”

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာ့တပ်မတော်က လိုင်ဇာအနီးပတ်ဝန်းကျင်ရှိ မုန်လိုင်ခက်ရွာဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တနိုင်းမြို့နယ်ရှိ KIO/KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နှင့် မန်စီမြို့နယ်ရှိ တပ်မဟာ ၃ တပ်ရင်း ၁ နှင့် တပ်ရင်း ၁၅ တို့ကိုလည်း ပစ်ခတ်ခဲ့သည် ဟု KIO/KIA က ပြောသည်။

ယမန်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နေရာခန့်ဖြစ်ပွားခဲ့သည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ် မန်ဆာကျေးရွာနှင့် ခိုက်အော်ကျေးရွာကြားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းဖြစ်သည့် ခလရ ၃၄၄ တို့ကြား ဒီဇင်ဘာလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ KIO/KIA  တပ်မဟာ ၂  နှင့် မန်စီမြို့နယ်ရှိ တပ်မဟာ ၃ ဖက်တွင် စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည်ဟု KIO/KIA က ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာ့တပ်မတော်က လက်နက်ကြီးများ ပစ်ခတ်ပြီး တိုက်ခိုက်လာသည့်အပေါ် “နှစ်တိုင်းလိုလို ဒီ ခရစ်စမတ် အချိန်အခါမှာ သူတို့က စစ်ဆင်ရေး လုပ်နေတာ ၂၁ ရာစု ပင်လုံညီလာခံလည်း နောက်လမှာပဲ လုပ်မယ် ဆိုတော့ အဲဒါလည်း ဖိအားပေးတဲ့ပုံစံနဲ့ ပစ်တာလည်း ဖြစ်နိုင်ပါတယ်။ ရွှေလီမြစ်ဝှမ်း စစ်ဆင်ရေးဆိုတဲ့ သူတို့ စစ်ဆင်ရေး ရှိထားတာ မန်ဝင်းကြီးဒေသမှာ သူတို့ အဲဒါသူတို့စစ်ဆင်ရေးပုံစံနဲ့ သူတို့လုပ်တာလည်း ဖြစ်နိုင်တာပေါ့။ တနိုင်းဖက်မှာကတော့ နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ သူတို့စစ်ဆင်ရေး ရှိတယ်။ အဲဒါကို သူတို့ အကောင် အထည်ဖော်တဲ့အနေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ အဲလိုယူဆတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က သုံးသပ် ပြောဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA ထိန်းချုပ်ရာ ဒေသများအတွင်းသို့ စစ်အင်အားတိုးချဲ့လာသည့်အတွက် စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲများပြင်းထန်လာနိုင်သည်ဟု KIO/KIA က ပြောသည်။

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...