အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရန် UNFC စာပို့တောင်းဆို

အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရန် UNFC စာပို့တောင်းဆို

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ပေါင်းစု တစ်ခုဖြစ်သော UNFC က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံနိုင်ရန် စာပို့တောင်းဆိုထားကြောင်း ပြောသည်။

နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဒီဇင်ဘာလ ၁၀ ရက် ယမန်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ သီးခြားစီ  စာ ၂ စောင်ပေးပို့ခဲ့သည်ဟု  UNFC  ၏  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

“ကျနော်တို့ ဒီငြိမ်းချမ်းရေး process ကို အတူတူ သွားချင်တဲ့ ဆန္ဒရှိတယ်။ ငြိမ်းချမ်းတဲ့ နည်းပဲသွားချင်တယ်။ စားပွဲတွေ့ဆုံဆွေးနွေးဝိုင်းပဲ သွားချင်တယ်ဆိုတဲ့ ဆန္ဒကို နှစ်ဖက်ခေါင်းဆောင်တွေများ တွေတဲ့အခါကျရင် ဒါ အလျှော့အတင်းဖြစ်ဖို့ပေါ့နော။ ဒါ အပေးအယူဖြစ်ဖို့ အချိန်ကာလဟာလည်း အရေးကြီးတဲ့ အချိန်ကာလဖြစ်ဖို့ တစ်စိုက်မတ်မတ် ဒါကိုပဲ မလျှော့မတင်းပဲနဲ့ ဆွဲကိုင်ထားဖို့ မသင့်ဘူးဆိုတဲ့အကြောင်းလည်း ကျနော်တို့ တိုက်တွန်းချင်တာပေါ့လေ။”

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား တွေ့ဆုံရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ ကနေ ၁၀ ရက်နေ့အထိ  ၃ ရက်ကြာ ကျင်းပခဲ့သည့် UNFC ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့အစည်အဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု UNFC က ပြောသည်။

UNFC အနေဖြင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ရန်အတွက် အဆိုပါတောင်းဆိုမှုအား ၁၀ ရက်အတွင်း ပြန်လည် အကြောင်းကြားပေးပါရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား မေတ္တာရပ်ခံထားသည်ဟု နိုင်အောင်မငေး က ပြောသည်။

ထို့အပြင် UNFC က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နှင့် တွေ့ဆုံသည့်အခါ UNFC က အဆိုပြုထားသည့် အချက် ၈ ချက်ထဲက မပြေလည်သည့် အချက်နံပါတ် ၂ နှင့် အခြား အချက်များရှိ စကားလုံး အသုံးအနှုန်း အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ညှိနှိုင်းသွားမည်ဟု UNFC က ပြောသည်။

“ကျနော်တို့ အဆိုပြုချက် ၂ ချက်က အဓိကကျပြီးတော့ ကျန်တဲ့အချက်ကလည်း ပါတယ်ပေါ့လေ။ အဓိက အဆို ပြုချက် နံပါတ် ၂ ကို ပြောတာပါ ကျန်တဲ့အချက်ကတော့ အဓိပ္ပာယ်သတ်မှတ်ချက်တို့ အမြင်တွေပြန်ပြီးတော့ ကွဲကွဲပြားပြား ပီပီပြင်ပြင် ဖြစ်အောင်ပေါ့နော အဲဒါတွေပဲ။ ၈ ချက်ထဲက အငြင်းပွားစရာ စကားလုံးတွေ အဓိပ္ပါယ် သတ်မှတ်ချက်တွေပေါ့လေ ဒါတွေပဲ ပြောရမှာပေါ့၊”  ဟု နိုင်အောင်မငေး ကပြောသည်။

UNFC ၏ အဆိုပြုချက် နံပါတ် ၂ မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓါတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင ့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်သွားရန် ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က UNFC နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC တို့ နဝမအကြိမ် တွေ့ဆုံရန် ကြိုတင်စီစဉ်ထားသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် UNFC ၏ DPN ခေါင်းဆောင်များအကြား ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်သွားရန်ဆိုုသော စာသားအား ညှိနှိုင်းမရ ဖြစ်ခဲ့သည့်အတွက် တွေ့ဆုံပွဲမှာ ပျက်ပြယ်ခဲ့ရသည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...
March 15, 2024
စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား...
March 8, 2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက...
March 8, 2024
ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု...