ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံ၍ ပိတ်ဆို့နေသာ အချက်ကိုဆွေးနွေးအဖြေရှာမည်ဟု UNFC ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံ၍ ပိတ်ဆို့နေသာ အချက်ကိုဆွေးနွေးအဖြေရှာမည်ဟု UNFC ပြော
by -
အိုင်စိုင်း

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က အဆိုပြုထားသော အချက် ၉ ချက် အနက် မပြေလည်ဖြစ်ကာ ပိတ်ဆို့နေသော အချက်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံ၍ ဆွေးနွေး အဖြေ ရှာသွားမည်ဟု UNFC မှ ပြောသည်။

UNFC က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် UNFC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ ကျန်ရှိနေသော ဆွေးနွေးရန် အချက်များကို နှစ်ဘက်မှ ညှိနှိုင်း အဖြေရှာရန်အတွက် မိမိတို့ DPN မှ ကြိုးပမ်းလျှက်ရှိပါသည်ဟု ၂၀၁၇ ခုနှစ်၊ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

" DPN နဲ့ PC ကြိုးစားမှုတော့ တော်လေး ခရီးတော့ ဒီမှာပဲ ဆုံးသွားပြီးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေ အပိုင်းက တွေ့ကြရင် သူတို့အနေနဲ့ပဲ ဆုံးဖြတ်ပေး နိုင်တဲ့ အပိုင်းဖြစ်တော့ သူတို့ တွေ့လိုက်ရင် ပြီးသွားမယ်ပေါ့ အဲ့လို ကျနော်တို့ ယူဆလို့ပါ"ဟု UNFC ၏ နိုင်ငံ ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) ဒုခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်(PC)မှ တဆင့် စာပို့ တောင်းဆိုထားကြောင်း၊ မည်သည့် အချိန်တွင် တွေ့ဆုံမည်မှာ အစိုးရ၏ အကြောင်းပြန်ကြားမှုအပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။

" ကျနော် ဒီသတင်းကို မကြားရသေးဘူး။ ဒါပေမယ့် PC က ခေါင်းဆောင်တွေတော့ သိမယ်ထင်တယ်။ ဒါကြောင့် ကျနော်အနေနဲ့တော့ ဘယ်လို အစီအစဉ်ရှိတယ်ဆိုတာ မပြောနိုင်ဘူး။ အကုန်လုံးလည်း သူတို့ တင်ပြတဲ့ အချက်တွေအပေါ်  နားလည် မှုတွေရခဲ့ပါပြီး။ သဘောတူညီချက်တွေလည်း ရခဲ့ပြီးပါပြီ။ နောက်ဆုံး အချက်လေးပဲ ကျန်ပါတယ်။ ဒီအချက်ကိုလည်း တင်ပြထားပြီးပြီ"ဟု ငြိမ်းချမ်းရေးကော်မရှင်(PC)မှ ဦးအောင်စိုး ကပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို UNFC မှ ၎င်းတို့ အဆိုပြုထားသော အချက် ၉ ချက်ကို အစိုးရ၊တပ်မတော်ဘက်မှ သဘောတူပါက လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ထုတ် ပြန် ကြေညာထားသည်။

အဆိုပါ အချက် ၉ ချက်ကို UNFC  ၏ DPN နှင့် အစိုးရ၏ PC တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာမှာ အချိန်ကာလ အားဖြင့် ၁၇ လ( ၂ နှစ်နီးပါး)ကြာခဲ့ပြီး ဖြစ်သော်လည်း အလုံးစုံ သဘောတူညီမှု မရသေးပဲ အဆိုပြုချက် နံပါတ် ၂ မှာ ပိတ်ဆို့နေကြောင်း သိရသည်။

ထိုနံပါတ် ၂ မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမို ကရေစီ အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝ ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကိုတည် ဆောက်သွားရန် ဖြစ်သည်။

အစိုးရ၊ တပ်မတော်ဘက်ကမူ NCA အပိုဒ်- ၁ (က)တွင် ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရာမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ် နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုသည့် အတိုင်းသွားရန် သဘောထား မှတ်ချက်ပြုထားကြောင်း သိရသည်။

ဤအချက် သဘောတူညီမှု မရရှိသေးသည့်အတွက် UNFC အဖွဲ့ဝင်များ NCA လက်မှတ်မရေးထိုးနိုင်ဘဲ ဖြစ်နေ သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံ၍ ဆွေးနွေး သွားရန် UNFC ဆုံးဖြတ်ထားကြောင်း သိရသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ပါဝင်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) မှာ နှုတ်ထွက်စာတင်ထားသည်။



ဒီဇင်ဘာ ၁၁ ရက်နေ့စွဲဖြင့် UNFC ကြေညာချက်(Copy)

Most read this week

April 10, 2024
မွန်ပြည်နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က စစ်ရေးအရှိန်မြှင့်လာသည့်အပေါ်...
April 10, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ဧပြီလ ၉ ရက်နေ့ညပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်နေပြီး...
April 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဓမ္မသကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ဧပြီလ ၈ ရက်နေ့...
April 9, 2024
ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့...