ထိုင်းနယ်စပ်တွင် စိတ်ကြွဆေး ၂ သန်း နီးပါး ဖမ်းမိ

ထိုင်းနယ်စပ်တွင် စိတ်ကြွဆေး ၂ သန်း နီးပါး ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးသယ်ဆောင်လာသော အဖွဲ့တစ်ဖွဲ့နှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စိတ်ကြွဆေးပြား ၂ သန်း နီးပါး ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာဖက်ခြမ်းမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၅ နာရီတွင် တိုက်ပွဲဖြစ်ပွားပြီး စိတ်ကြွမူးယစ်ဆေးဝါးဆေးပြား ၁ သန်း ၉ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနယ်ခြားစောင့်တပ်က ပြောသည်။

“ဆေးသယ်လာတဲ့ဘက်ကတော့ အလောင်း ၅ လောင်းရတယ်။ မူးယစ်ဆေးအိတ်က ကျောပိုးအိတ် ၁၉ အိတ် ပေါ့။ တစ်အိတ်မှာ တစ်သိန်း၊ စုစုပေါင်း တစ်သန်း ၉ သိန်းပေါ့” ဟု ထိုင်းအရာရှိ တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းဖက်ခြမ်းရှိ ဘန့်ကျလော်မြို့နယ် မဲ့ဖားလွမ်ကျေးရွာတွင် သတင်းအရ စောင့်ဆိုုင်းနေသော ထိုင်းနယ်ခြားစောင့်တပ်နှင့် မြန်မာနိုင်ငံဖက်ခြမ်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲဲ့ခြင်းဖြစ်သည်။

“လူကတော့ အယောက် ၂၀ ကနေ ၃၀ လောက်ရှိမယ်။ လက်နက်တွေနဲ့ လမ်းလျှောက်ပြီးလာကြတယ်။ တောလမ်းကနေ လမ်းလျှောက်လာကြတာ။ သက်ဆိုင်ရာက အချက်ပြပြီး ရပ်ခိုင်းတာနော်။ စစ်ဆေးဖို့ အတွက်ပေ့ါ။ ဒါပေမယ့်သူတို့က လက်နက်နဲ့ ပစ်ခတ်တယ်။ ၁၅ မိနစ်လောက်တော့ ကြာတယ်”

ထိုင်းနယ်ခြားစောင့်တပ်ဘက်တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော်လည်း မူးယစ်ဆေးသယ်ဆောင်လာသည့် ဘက်က ၅ ဦး ကျဆုံးခဲ့သည်။

စိတ်ကြွမူးယစ်ဆေးဝါးများကို မြန်မာဘက်ခြမ်းရှိ မူဆီ(အာခါ)ရွာမှ လူဦးရေ ၃၀ ခန့်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းနယ်ခြားစောင့်တပ်နဲ့ တိုက်ပွဲဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံဖက်ခြမ်းသို့ ပြန်လည်ထွက်ပြေးသွားသည်ဟု ထိုင်းအရာရှိက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ် ဘန်ထါ့မဲ့ကယ်ကျေးရွာ အနီးတွင် အလားတူ စိတ်ကြွမူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း မူးယစ်ဆေးသယ်ဆောင်လာသူ ၅ ဦး သေဆုံးခဲ့ပြီး ကျောပိုးအိတ် ၆ အိတ်အတွင်း စိတ်ကြွဆေးပြား ၆ သိန်းကို သိမ်းဆည်းရမိခဲ့သေးသည်ဟု ထိုင်းနယ်ခြားစောင့်တပ်က ပြောသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...