တအာင်းအမျိုးသမီး ၄ ဦးအား စစ်သားများက အဓမ္မပြုကျင့်ရန် ကြိုးပမ်း

တအာင်းအမျိုးသမီး ၄ ဦးအား စစ်သားများက အဓမ္မပြုကျင့်ရန် ကြိုးပမ်း

မြန်မာ့တပ်မတော် စစ်သားများက တအာင်းအမျိုးသမီး ၄ ဦးအား မတရား ပြုကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။

“နိုဝင်ဘာ ၂၄ ရက်နေ့က စစ်ကြောင်းက ဝင်လာတယ်။ မိုင်းယော်၊ ပန်ဝို့လျံကျေးရွာပေါ့နော။ သူက အဲဒီကျေးရွာမှာ ဝင်ပြီးတော့ ဒီတပ်သား ၃ ယောက်က အမျိုးသမီးတွေ ရှိတဲ့ အိမ်ထဲကို ဝင်ပြီးမှ ဗလက္ကာယ ပြုတာပေါ့နော မုဒိမ်းပြုဖို့ ကြိုးစားခဲ့တယ်ပေါ့” ဟု တအာင်း အမျိုးသမီး အဖွဲ့အစည်း TWO ၏ မှတ်တမ်းနှင့် သုတေသနဌာန က လွေးပိုးကမေဲးခြိူဝ်း က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်မြို့နယ်၊ ပန်ဝို့လျံကျေးရွာအတွင်းတွင် ခမရ ၃၆၄ တပ်သားများက အမျိုးသမီးများရှိသည့် အိမ်ထဲသို့ ဝင်ရောက်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု TWO က ပြောသည်။

“ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကျတော့ ဒီသူတို့ ရွာမှာရှိတဲ့ ဆရာမတစ်ဦးကိုတော့ ရင်ဖွင့်တယ်။ အဲလိုမျိုးပေါ့နော ဗလက္ကာယ ပြုကျင့်တယ် မုဒိမ်းမှု ပြုကျင့်ဖို့ အထိကို သူတို့က ကြိုးစားခဲ့တယ် ဆိုတဲ့ဟာ သူတို့က ဖွင့်ပြောတယ်”  ဟု လွေးပိုးကမေဲးခြိူဝ်း က ပြောသည်။

တပ်မတော်က မတရားပြုကျင့်ရန် ကြိုးစားခံရသည့် အမျိုးသမီး ၄ ဦးထဲတွင် ၂ ဦးမှာ ညီအစ်မများဖြစ်ကြပြီး တအိမ်ထဲတွင် ဖြစ်ပွားခဲ့ကာ ကျန် ၂ ဦးမှာလည်း ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့ TSYU နှင့် တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO ၏ ဒီဇင်ဘာလ ၄ ရက်နေ့ (ယမန်နေ့) က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

TWO မှတ်တမ်းနှင့် သုတေသနအဖွဲ့သည် အခင်းဖြစ်ပွားခဲ့သည့် ကျေးရွာသို့ သွားရောက်ကာ မတရားပြုကျင့်ရန် ကြိုးစားခံရသည့် အမျိုးသမီးများနှင့် တွေ့ဆုံနိုင်ရန် ကြိုးစားသော်လည်း တွေ့ခွင့်မရကြောင်း လွေးပိုးကမေဲးခြိူဝ်း က ပြောသည်။

အမျိုးသမီးများမှာ ရုန်းကန်ထွက်ပြေးလာသည့်အတွက် အဓမ္မပြုကျင့်မည့်ဘေးက လွတ်မြောက်ခဲ့သည်ဟု TWO ကပြောသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် ၂၄ ရက်နေ့ အခင်းဖြစ်ပွားပြီးနောက် ကာယကံရှင် ၂ ဦးသည် ကြောက်လန့်၍ မိုင်းယော်မြို့ပေါ် တိမ်းရှောင်နေပြီး ကျန် ၂ ဦးမှာ လုံခြုံသည့် နေရာတွင် တိမ်းရှောင်နေသည်ဟု ပါရှိသည်။

“ကျမတို့ ရိုးရာဓလေ့အရပေါ့နော အဖေတွေ ယောကျင်္ားတွေကို ကြောက်ရတာကတစ်ပိုင်း နောက်တစ်ပိုင်းကျတော့ တပ်တွေက သွားလာလှုပ်ရှားနေတဲ့ အတွက်ကြောင့်မို့လို့ ယောကျင်္ားမြင်ရင်ကို သူတို့ရဲ့ စိတ်ထဲမှာလေ အရမ်းကြောက်ရွွံ့ နေတဲ့အပိုင်း ရှိတယ်ပေါ့နော။ အခုတောင်မှ ဒီ နှစ်ယောက်ဆိုရင် အိမ်တောင် ပြန်မလာရဲဘူး။ ကိုယ့်ရဲ့ စိတ်ခံစားချက်ပေါ့နော ကိုယ်ဒီလိုမျိုး ခံစားနေရတာကို ရင်ဖွင့်ရမယ့် နေရာမရှိဘူး” ဟု လွေးပိုးကမေဲးခြိူဝ်း က ပြောသည်။

TWO အနေဖြင့် ယခုဖြစ်စဉ်တွင် မြန်မာ့တပ်မတော်မှ စစ်သားများက အဓမ္မပြုကျင့်မှု ကျူးလွန်သည်ဟု အတည်မပြုနိုင်သော်လည်း အဓမ္မပြုကျင့်ရန် ကြိုးစားအားထုတ်ကြောင်းကို အတည်ပြုနိုင်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား စစ်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး ဒေသအတွင်း တပ်များက သွားလာလှုပ်ရှားနေသည့်အတွက် အမျိုးသမီးများမှာ စိတ်လုံခြုံမှု မရှိပဲ ကြောက်စိတ်များ လွှမ်းမိုးနေသည်ဟု TWO က ပြောသည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...
March 15, 2024
စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား...
March 8, 2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက...
March 8, 2024
ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု...