လင်းခေးမြို့မှာကျင်းပမယ့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အပေါ် ပါတီခေါင်းဆောင်များအမြင်

လင်းခေးမြို့မှာကျင်းပမယ့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အပေါ် ပါတီခေါင်းဆောင်များအမြင်

NCA သဘောတူညီမှုစာချုပ်ပါတဲ့အချက်အရ ၂၁ ရာစုပင်လုံညီလာခံ (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် မကျင်းပမှီ  အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးရေး မကျင်းပရသေးတဲ့ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးခရိုင် လင်းခေးမြို့မှာကျင်းပဖို့  ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၇ ရက်နေ့က နေပြည် တော်မှာကျင်းပတဲ့ JICM အစည်းအဝေးကနေ သဘောတူပြီး အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

သျှမ်း နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက သျှမ်းအဆင့် ND ကို တောင်ကြီးသို့မဟုတ် ပင်လုံမှာဘဲ ကျင်းပ လိုကြပေမယ့် အခုလို JICM အစည်းအဝေးမှာ RCSS/SSA နဲ့ အစိုးရက သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကိုလင်းခေးမှာ လုပ်ဖို့ သဘောတူဆုံးဖြတ်ကြတဲ့အပေါ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ကျားခေါင်းပါတီပြောခွင့်ရ စိုင်းလိတ် နှင့် JICM အစည်းအဝေး တက်ရောက်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ ရဲ့ အမြင်သဘောထား တွေဖြစ်ပါတယ်။

လင်းခေးမှာ လုပ်တာလဲ မဆိုးပါဘူး။ ကောင်းပါတယ် ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ပြောပါတယ်။

လင်းခေးခရိုင်မှာလုပ်လည်းကောင်းပါတယ် ။ လင်းခေးက ခရိုင်မြို့ဘဲဟာ။ ဆက်သွယ်ရေးလည်းကောင်းမွန် အဆင်ပြေတယ်လေ ။ အရင်တုန်းကတော့ တောင်ကြီးမှာဘဲလုပ်သင့်တယ်လို့ပြောဆိုနေကြပေမယ့် အခု တတိယအကြိမ် ပင်လုံညီလာခံကျတော့ ဇန်နဝါရီလအကုန်မှာလုပ်မယ်ဆိုတော့ တကယ်လို့ကျနော်တို့ သျှမ်းအဆင့် ND ကိုမလုပ်ဖြစ်ဘူးဆိုရင် ကျနော်တို့ရှမ်းတိုင်းရင်းသားများရဲ့အသံက မပါနိုင်တော့ဘူးလေ။ မပါရင်ကျနော်တို့ နစ်နာဆုံးရှုံးမှုတွေရှိမှာပေါ့။ ဒါကြောင့်ဒီလင်းခေးမှာလည်း မဆိုးပါဘူး။ ကောင်းပါတယ် အဲလိုဘဲ မှတ်ယူရမှာပေါ့။  ဒီငြိမ်းချမ်းရေးညီလာခံကြီး ပြီးမြောက်အောင်မြင်ဖို့ဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အစိုးရနဲ့ တပ်မတော်အပေါ်မှာမူတည်တယ်။ တိုင်းရင်းသားညီအကိုအချင်းချင်းအလျှော့အတင်းလုပ်ပေးနိုင်ရင်တော့ အောင်မြင်သွားမှာပါ။ အဓိက အလျှော့အတင်းလုပ်နိုင်ဖို့ဘဲအရေးကြီးတယ်လေ။ ကျနော်တို့နိုင်ငံတကာမှာ လုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုကြည့်ရင် မြန်မြန်ဆန်ဆန်နဲ့ပြီးတာသိပ်မရှိပါဘူး။ ကိုလံဘီယာဆိုရင်လည်း နှစ်ပေါင်းကြာလှပြီလေ။ ခုမှအဆင်ပြေသွားတယ်လေ။ အချိန်ယူရမယ်။ ညှိနှိုင်းယူရမယ်။ချက်ချင်းတော့မပြီးနိုင်ဘူးလေ။

RCSS/SSA ဘက်က သဘောတူပြီးသားဖြစ်ပြီမို့လို့ ကျနော်တို့ကန့်ကွက်လဲဒါအပိုဘဲ ဟု သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ကပြောပါတယ်။

RCSS က  NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တယ် ။ သူ့မှာ NCA စာချုပ်ပါ သဘောတူညီချက်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင်လုပ်ခွင့်ရှိတာပေါ့နော်။ အဲ့တော့ သူ့သဘောသူဆောင်ပြီး သူ့ဟာသူလုပ်သွားတဲ့ကိစ္စလို့ကျနော်မြင်တယ်။ ရှမ်းတမျိုးသားလုံး ကို ကိုယ်စားပြု တယ် မပြုဘူးဆိုတာကတော့ ကျနော်တို့ ၀ိ၀ါဒ ကွဲစရာအများအပြားရှိနိုင်ပါတယ်။ လင်းခေးမှာလုပ်မယ့် ကိစ္စကတော့ ကန့်ကွက်ဖို့မကန့်ကွက်ဖို့ဆိုတာထက် အစိုးရနဲ့ ကာယကံရှင်ဖြစ်တဲ့ RCSS/SSA ဘက်က သဘောတူပြီးသားဖြစ်ပြီမို့လို့ ကျနော်တို့ကန့်ကွက်လဲဒါအပိုဘဲလေ။ လင်းခေးမှာလုပ်တယ်ဆိုတာကတော့ သျှမ်းတမျိုးသားလုံးအနေနဲ့ကြည့်ရင်တော့ ဒါမဖြစ်သင့်တဲ့ကိစ္စဘဲ။ တောင်ကြီး သို့မဟုတ် ပင်လုံမှာလုပ်ရင်ကော တပ်မတော်ကိုဘာများထိခိုက်စရာအကြောင်းရှ်ိလဲပေါ့နော်။ သျှမ်းတွေ အထွဋ်အမြတ်ထားတဲ့ မြို့တော် တောင်ကြီး သို့မဟုတ် ပင်လုံမှာ လုပ်ခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပိုပြီးတော့တောင် အထောက်အပံ့ဖြစ်တယ်။ အခုတပ်မတော်က ကန့်ကွက်တယ်။ ကန့်ကွက်တယ်ဆိုတဲ့သဘောမျိုးနဲ့ လင်းခေးမြို့မှာဘဲလုပ်ခွင့်ပြုတယ်ဆိုတာမျိုးကတော့ ဒါဟာခွဲခြားဆက်ဆံခြင်းလို့တောင်ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အဲအပေါ်မှာတော့ သဘောမကျပါဘူး။

အစိုးရတပ်မတော် နဲ့  RCSS/SSA ကြား နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ပေးလို့ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လင်းခေးမြို့မှာလုပ်ဖို့ အဆင်ပြေသွားတယ် လို့ ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာပြောပါတယ်။

JICM အစည်းအဝေးမှာ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲမလုပ်ရသေးတဲ့ အဖွဲ့အစည်းတွေ လူမျိုးတွေ အတွက် စဉ်းစားထားတော့  ခွင့်ပြုချက်ရပြီးတဲ့ RCSS နေရာမှာအခက်အခဲဖြစ်နေတယ်။ သူ့ဘက်ကလျှော့ ကိုယ့်ဘက် ကနဲနဲလျှော့။ တပ်မတော်ကတော့ မိုင်းပန် မှာလုပ်ဖို့ အားပေးတာပေါ့။ RCSS ကလဲ တောင်ကြီးမှ တောင်ကြီး ပေါ့ဗျာ။ မလျှော့ကြဘူး။ ဒါမယ့်နောက်ဆုံး အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကြားဝင်ပြီးတော့မှ လင်းခေး ပေါ့။ ခရိုင်မြို့ဖြစ်တဲ့အတွက် သက်တောင့်သက်သာရှိတာပေါ့ မိုင်းပန်ထက်စာရင်။ အဲတာနဲ့သဘောတူသွားကြတာ။ လင်းခေးမှာကျနော်တို့ဒီ ဇန်နဝါရီလ ၁၀ ရက်ကနေ ၁၅ ရက်ပေါ့ သျှမ်း အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်။

Most read this week

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...