ရာဇာဂြိုလ်အကျဉ်းထောင်တွင် Deirel (မိုးသောက်ကြယ်)စာကြည့်တိုက်မှ စာအုပ်လှူဒါန်းမည်

ရာဇာဂြိုလ်အကျဉ်းထောင်တွင် Deirel (မိုးသောက်ကြယ်)စာကြည့်တိုက်မှ စာအုပ်လှူဒါန်းမည်
by -
ချင်းဝေါလ်
 Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်တွင် ကလေးငယ်များ စာဖတ်နေကြစဉ်(ဓာတ်ပုံ- Mai Sokhlei Par)
Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်တွင် ကလေးငယ်များ စာဖတ်နေကြစဉ်(ဓာတ်ပုံ- Mai Sokhlei Par)
ကလေးမြို့ ရာဇာဂြိုလ်အမှတ် (၂)အကျဉ်းထောင်တွင် Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်မှ နောက်ပတ်အတွင်း စာအုပ် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ဦးစီးသော ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ထံမှသတင်းရရှိသည်။
Deirel library neitu
Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်
ဦးစီးသူ၊ ချင်းဝတ္ထူစာရေးဆရာမ
မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)

စက်တင်ဘာ ၁၇ ရက်သို့မဟုတ် ၁၈ ရက်တွင်သောက်ရောက်လှူဒါန်းမည်ဖြစ်ပြီး ရာဇာဂြိုလ်အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀ ကျော်ရှိသည်။

“ဆလိုင်းဂျေစီကနေတဆင့် စာအုပ်လှူဖို့စိတ်ကူးရသွားတာပါ။ ထောင်ပိုင်က စာအုပ်ဖတ်ဖို့အားပေးတော့ ဆလိုင်းဂျေစီက စာအုပ်လှူဖို့ရှိရင်လှူလိုက်ပါလားလို့အရင်ကပြောတယ်။ ဒါပေမယ့် အောင်ရွာမှာ လှူထားတော့ စာအုပ်ရှိတာ နည်းသွားတော့မလှူဖြစ်လိုက်ဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ လှူချင်နေတာ။ ခု အွန်လိုင်းမှာ အလှူလုပ်ချင်သူတွေလည်း ပါဝင်နိုင်တယ်လို့တင်လိုက်တယ်။ စာကြည့်တိုက်နဲ့ပတ်သက်ရင် ဒီလိုအကူအညီတောင်းတာလည်း ဒီတခါပဲရှိတယ်”ဟု Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်ဦးစီးသူ၊ ချင်းဝတ္ထူစာရေးဆရာမ မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ကပြောသည်။

Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်သည် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားပြီး စာအုပ်ကိုအခမဲ့ဌားရမ်းခဲ့သည်။

“ရည်ရွယ်ချက်က လူတိုင်းက လွယ်လွယ်နဲ့စာအုပ်ဖတ်နိုင်ဖို့ ဖြစ်တယ်။ စာအုပ်က လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ပြောင်းလဲနိုင်လဲဆိုတာ သဘောပေါက်တယ်။ ခုလို လှူဒါန်းခွင့်ရတဲ့တွက်လည်း အရမ်းပီတိဖြစ်တယ်။ အပြင်မှာပြောသလို ထောင်ကနေထွက်ထွက်ချင်းအပြင်က အသံပလာတွေကြားရရုံပျော်ကြတယ်။ အထဲမှာတော့ ခြောက်ကပ်ကပ်နေကြတယ်။ စာအုပ်ဖတ်လို့ရရင် ထောင်ထဲမှာနေရတာလဲ မေ့ပြီးတော့ စိတ်ဓာတ်ကျတာ၊ အဆိုးမြင်မှုတွေလည်း အများကြီးတိုက်ဖျက်နိုင်မယ်။ ထောင်ကျတဲ့ချိန်မှာ သူတို့ဘဝကိုတည်ဆောက်နိုင်မယ်။ အပြင်ကိုထွက်လာတဲ့ချိန်မှာ မျှော်လင့်ချက်အသစ်နဲ့ လူသစ်စိတ်သစ်နဲ့ဖြစ်လာမယ်ဆိုတာလည်းမျှော်လင့်လို့ဝမ်းသာတယ်”ဟု မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ကပြောသည်။

ယင်းကဲ့သို့ စာအုပ်လှူဒါန်းမည့်အပေါ်တွင် ထောင်ပိုင်မှကြိုဆိုကြောင်း၊ ယင်းနေ့တွင် အကျဉ်းသားများအား ၁၀ မိနစ်ကြာအားပေးစကားပြောခွင့်လည်း ရရှိမည်ဟုဆိုသည်။

“ကျွန်မလုပ်နိုင်သလောက် ဘဝတစ်ခုလုံးမြှုပ်နှံ့ပြီးတော့ လူတိုင်းစာဖတ်နိုင်အောင်ကြိုးစားနေတယ်။ ကျွန်မ မတတ်နိုင်တော့တဲ့အပြင်မှာ လူထုလည်းပါဝင်လာစေချင်တယ်။ စာအုပ်နဲ့ဖြစ်ဖြစ် ငွေကြေးနဲ့ဖြစ်ဖြစ်ပါဝင်နိုင်ပါတယ်။ ထောင်ကိုလည်း မကြာမကြာ မသွားနိုင်ဘူး။ ခုကျွန်မသွားနိုင်တဲ့အချိန်လေးမှာ အမြန်ဆက်သွယ်ပေးစေချင်တယ်။ ထောက်ပံ့ငွေရတဲ့ဟာတွေလည်း ထောင်မှာလှူဖို့ စာအုပ်ဝယ်သွားမယ်။ ဂျာနယ်၊ မဂ္ဂဇင်းဟောင်းတွေလည်း အလှူလက်ခံတယ်”ဟု မိုင်ဆော့ခ်လှိုင်ပါရ်(Chinland Rose)ကပြောသည်။

Deirel(မိုးသောက်ကြယ်)စာကြည့်တိုက်ဖွင့်ပြီး သုံးနှစ်အတွင်း ဖလမ်းမြို့နယ်၊ ပလက်ဝမြို့နယ်၊ ကလေးမြို့နယ်ရှိကျေးလက်တို့တွင်လည်းကောင်း၊ သာသနာကွင်း၊ ဘော်ဒါဆောင်တို့တွင်လည်းကောင်း ဆယ်ကြိမ်ခန့် စာအုပ် တစ်ထောင်ကျော်လှူဒါန်းခဲ့ပြီဖြစ်သည်။

အကျဉ်းထောင်သို့စာအုပ်လှူရန်အတွက် နော်ဝေနိုင်ငံမှတစ်သိန်း၊ ယင်းနေ့သွားလာရေးအတွက် ရန်ကုန်မှ ကားလှူခဲ့ကြောင်းသိရသည်။

အဆိုပါ စာအုပ်အလှူပွဲတွင်ပါဝင်လိုသူများအတွက် ဆက်သွယ်ဖုန်း ၀၉၇၇၁၁၇၀၁၆၁၊ ၀၉၉၇၂၂၀၉၄၃၃ နှင့် Facebook- Mai Sokhlei Par တွင်ဆက်သွယ်နိုင်ပါသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...