သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော် နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလှုပ်ရှားရာမှ SSPP/SSA နှင့် တိုက်ပွဲဖြစ်

သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော် နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလှုပ်ရှားရာမှ SSPP/SSA နှင့် တိုက်ပွဲဖြစ်
by -
ဟွမ်ဟိန်း

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော် ခလရ ၁၄၇ လှုပ်ရှားစစ်ကြောင်း သည်နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေး လုပ်ရာမှ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ယနေ့ (နိုဝင်ဘာ ၂၉) တိုက်ပွဲ ဖြစ်ပွားသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာသည် သီပေါမြို့ အရှေ့တောင်ဘက် မိုင် ၄၀ ကျော်အကွာ ဝမ့်မော့ကျေးရွာ အုပ်စု ပါကန်း နမ့်တိုက်ဖိုင်း ကျေးရွာ ဘက်တွင် လှုပ်ရှားစဉ် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းအမှတ် ၈၅၅ နှင့် နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

“ဒီစစ်ကြောင်းက မနေ့က ဘဲ ဝင်လာတယ်။ သဲတင်တဲ့ကားကြီးနဲ့ ညတွင်းချင်း ရောက်လာတယ်။ SSA တပ်ကတော့ ဒီဘက်မှာ အမြဲနေတယ်။ ဝင်လာတော့ ဖြစ်ပြီပေါ့။ ” – ဒေသ အတွင်းနေ ရပ်မိရပ်ဖ တဦးက ပြောသည်။

နောင်ကော်လုံ – ပန်နျု- တဆင့် စိန်ကျော့ ပန်ကန်းသို့ ရောက်ရှိလာကြောင်း၊ ပန်ကန်းကျေးရွာသား အချို့အား ချောဆွဲကာ နမ့်လင်း(ပလောင်)ရွာတွင် ညအိပ်ကြောင်း၊ ယနေ့ နံနက် ခြေလျင်ဖြင့် SSPP/SSA တပ်ရှိရာ ကောင်းမိုက်ဟုန်းသို့ ရောက်ရှိလာကာ SSPP/SSA အားတိုက်ခိုက်ခြင်းဖြစ် ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“တိုက်ပွဲက အခု ငြိမ်နေတယ်။ နာရီဝက် ကျော်ကျော်လောက်ဖြစ်တယ်။ ကောင်းမိုက်ဟုန်းမှာ ရှိတဲ့ ကျနော်တို့တပ်ကို လာတိုက်ပြီး ပြန်ဆုတ်သွားပြီ” – ဟု SSPP/SSA ပြောခွင့်ရ စိုင်းဘုန်းဟန်က ပြောသည်။

သီပေါမြို့နယ် နောင်ကော်လုံ အခြေစိုက် ခြေလျင်တပ်ရင်အမှတ် (ခလရ) ၁၄၇ အင်အား ၇၀ ခန့်က ဝမ့်မော့၊ ပါကန်းဘက် ဝင်ရောက် လှုပ်ရှားရာမှ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။

သီပေါမြို့ တပ်အသိုင်းအဝိုင်းက “တာဝန်အရ နယ်မြေ ရှင်းလင်းဖို့ ဖြစ်တယ်။ သွားရင်တိုက်ပွဲ ဖြစ်မယ် ဆိုတာ ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့လဲ အထက်အမိန့်အရ သွားရတာဖြစ်တယ်။ ဝမ့်ဟိုင်း က လဲ သူတို့နေရာ သူတို့မနေဘူးလေ” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အစိုးရ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ထားသော်လည်း NCA လမ်းကြောင်း လက်မခံသည့် ဝ တပ်ဖွဲ့ခေါင်းဆောင်သည့် FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရှိ စစ်ရေးမဟာမိတ် အဖွဲ့တွင် ပါဝင်သည်။

Most read this week

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...