အီတူးထာ့ IDP ဒုက္ခသည်များ၏ ရေရှည်ရပ်တည်နိုင်ရေး အစီအစဉ် ရေးဆွဲချမှတ်နေ

အီတူးထာ့ IDP ဒုက္ခသည်များ၏ ရေရှည်ရပ်တည်နိုင်ရေး အစီအစဉ် ရေးဆွဲချမှတ်နေ
by -
စောရှား

ယခုနှစ် စက်တင်ဘာလကတည်းက နိုင်ငံတကာ ထောက်ပံ့ကူညီမှုများ ပြတ်တောက်သွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ်ရှိ အီတူးထာ့ ပြည်တွင်းစစ်ရှောင် IDP ဒုက္ခသည်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် စီးပွားရေးအခွင့်အလမ်း ဖန်တီးပေး မည့် အစီအစဉ်များကို ရေးဆွဲချမှတ်နေပြီဖြစ်ကြောင်း အီတူးထာ့ပံ့ပိုးရေးကော်မတီ (ETT Supporting Committee) ဥက္ကဌ ပဒိုမန်းမန်းမန်းက နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

“IDP ပြည်သူအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးပေါ့။ တပိုင်တနိုင် စိုက်ပျိုးတာတွေရှိနေကြပေမယ့် စီးပွားဖြစ် ကုန်ထုတ်နိုင်တဲ့အဆင့်ကတော့ မှို ၊ နနွင်း၊ ဝဥ စိုက်ခင်းတွေ လုပ်သွားမယ်။ ပြည်ပ(ထိုင်း)ကို ထုတ်ရောင်းနိုင်မယ့်၊ စျေးကောင်းရှိနိုင်မယ့် နည်းလမ်းပေါင်းစုံကို ထိုင်းကရင်အဖွဲ့(Karen Thai Group)ကနေတဆင့် ထိုင်းကုန်သွယ်ရေးအာဏာပိုင်တွေဆီကို အကူအညီတောင်းသွားမယ်။”ဟု ၎င်းက ပြောသည်။

မြန်မာစစ်စခန်းနှင့် လွတ်ကင်းသော နေရာများတွင် ပြည်သူများအား စိုက်ပျိုးရန် မြေနေရာများ ပြန်လည်နေရာချထားပေး မည်ဖြစ်ပြီး စိုက်ပျိုးမည့် မြေနေရာများသည် မြန်မာစစ်စခန်းများအနီးတွင်ရှိနေသောကြောင့် စိုက်ပျိုးသူများ၏ လုံခြုံရေး အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တာဝန်ယူသွားရမည်ဖြစ်ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက် ပြောသည်။ 

လတ်တလောတွင် လူဦးရေ ၂ဝဝဝ ကျော်ရှိသည့် အီတူးထာ့ IDP စခန်းကို ယခင်က ကရင်လူမှုအဖွဲ့အစည်းနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့် ရပ်တည်နေထိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ကရင်လူမှုအဖွဲ့အစည်းများကသာ ဆက်လက်ထောက်ပံ့နေခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

အီတူးထာ့စခန်းဥက္ကဌဖြစ်သူ စောညာထဲက “TBC(The Border Consortium-နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့)၊ နိုင်ငံတကာ အလှူရှင်တွေက မထောက်ပ့ံပေးတော့ပေမယ့် လတ်တလော နေထိုင်၊ စားသောက်၊ ရပ်တည်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက ကျနော် တို့ ကရင်လူမျိုးတွေ၊ ကရင်အဖွဲ့တွေက ထောက်ပံ့တာ တွေ့ရတာ ဝမ်းလည်းသာ၊ ကျေးဇူး လည်းအများကြီးတင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စားနပ်ရိက္ခာအကူအညီများ ပြတ်တောက်သည့် အခြေအနေများကြောင့် ယခုနှစ် ဇွန်လဆန်းပိုင်းမှ ယခုအချိန်အထိ တောင်ငူ၊ ညောင်လေးပင်နှင့် ဖာပွန်ဒေသခံအချို့ပါဝင်သည့် အီတူးထာ့ ပြည်တွင်းစစ်ရှောင် လူဦးရေ ရာနှင့်ချီသော IDP များမှာ ၎င်းတို့၏နေရပ်သို့ ကိုယ်ပိုင်အစီအစဉ်များဖြင့် ပြန်သွားခဲ့ကြသူများလည်းရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ စစ်မှန်သောငြိမ်းချမ်းရေး မရရှိသေးသလို မိမိတို့ စစ်ပြေးရှောင် များ၏ ဌာနေရပ်ရွာများတွင် စစ်စခန်းများ၊ မြေမြှုပ်မိုင်းအဟောင်းများ ရှိနေသေးသောကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း အီတူးထာ့ IDP စခန်း၏ အတွင်းရေးမှူး စောခလယ်ဖောက ကေအိုင်စီသို့ ပြောဆိုထားသည်။

ထို့အပြင် စခန်းအတွင်းတွင် လုပ်ကိုင်စားသောက်မည့် မြေနေရာများမရှိခြင်း၊ အရင်းအနှီးမရှိခြင်းတို့ကြောင့် ရိက္ခာဖြတ် တောက်လိုက်သည့်အတွက် စိုးရိမ်ပူပန်မှုမြင့်တက်နေပြီး နိုင်ငံရေး အခြေအနေကောင်းလာသည်အထိ ဆက်လက် ကူညီပံ့ပိုးရန် စခန်းတွင် ကျန်ရှိနေထိုင်နေသောဒုက္ခသည်များက လိုလားနေကြသည်။ 

အီတူးထာ့ ပြည်တွင်းစစ်ရှောင် IDP ဒုက္ခသည်စခန်းကို ၂၀၀၆ခုနှစ်က ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်မြေအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)အစိုးရ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် နေရပ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်လာသူများကို ယာယီခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ သံလွင်မြစ်ကမ်းနံဘေးတစ်တွေင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

 

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...