RCSS/SSA ဆက်သွယ်မှုဖြင့်ဖမ်းဆီးရာမှ ဟိုပုံးဒေသခံ ၈ ဦး အမှု ၁၃ မှုဖြင့်တရားစွဲခံရ

RCSS/SSA ဆက်သွယ်မှုဖြင့်ဖမ်းဆီးရာမှ ဟိုပုံးဒေသခံ ၈ ဦး အမှု ၁၃ မှုဖြင့်တရားစွဲခံရ
by -
နန်းဆိုင်ဖူး

ဇူလိုင်လလယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအားတရားရုံးတော်မှာ တပ်မတော် ဘက်မှ အမှု ၁၃ မှု အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိရသည်။

“ဟိုပုံးဒေသ ၈ ယောက်ပေါ့၊ အမှုက ၁၃ မှု လက်နက်မှု ၊ ဥပဒေမှု နဲ့ အရေးယူတာပါတယ်၊ ပို့ကုန်သွင်းကုန် ဥပဒေနဲ့လဲပါတယ်၊ ဆက်သွယ်ရေး ဥပဒေနဲ့ စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရောက်တယ်ဆိုပြီးတော့မှ ကာကွယ်ရေးဥပဒေနဲ့ အရေးယူထားတာပါတယ်။ ဒါကြောင့်မလို့ အမှုတွေက များသွားတယ်” ဟု အမှုလိုက် ပေး သည့် ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဖမ်းဆီးခံထားသည့် ဒေသခံ ၈ ဦးအား ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရကြောင်း၊ တစုံတရာ ချမှတ်စီရင်ခြင်းမရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုနေကြောင်း လာမည့် နို၀င်ဘာ ၂၉ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်းထားသည်ဟုဆိုသည်။

“ရုံးချိန်းက ၁၀ ခါလောက်ရှိပြီထင်တယ် ၊ တစ်ချို့အမှုကတော့ တရားလိုသက်သေပြီးသွားပြီ သက်သေကုန်တဲ့ အမှုကတော့ စွဲချက်တင်ဖို့ သင့်မသင့်ဆိုတာ လျှောက်လဲချက် ပေးရမှာ။ ပုဒ်မနဲ့ အကြုံးဝင်တယ် မဝင်ဘူး ဆို တာပေါ့ ၊တစ်ချို့အမှုကတော့ သက်သေကျန်သေးတယ်၊ ၂၉ ရက်နေ့ ပြန်ချိန်းတယ် ၊ ဖမ်းခံရသူတွေက အချုပ် ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ပဲ အာမခံရထားတယ်၊ ကျန်တဲ့လူတွေက အချုပ်ခန်းထဲမှာ ၄ လလောက်ဖြစ်သွားပြီ” ဟု ရှေ့နေ စဝ်မြဝတီ ကပြောသည်။

ဇူလိုင် ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်း မပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွား အချုပ်ခန်းသို့ပို့ဆောင်ချုပ်နှောင်ထားခြင်းဖြစ်သည်။

အလားတူ RCSS/SSA ၏ တပ်သား ၂ ဦး စိုင်းလုံနှင့် စိုင်းဆေလုံကို မိုင်းပျင်းမြို့နယ် မိုင်းပူးလုံအုပ်စု ကိန်းဟင်ရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့က မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ စစ်ကြောင်းက ဖမ်းဆီးလိုက်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ပို့ဆောင်ချုပ်နှောင်ထားသည်။

သို့သော် ဩဂုတ်လ ၁၁ ရက်နေ့က မိုင်းကိုင်မြို့ မိုင်းခွန်အုပ်စု ကွန်ယုံးရွာရှိ RCSS/SSA ထံ လက်နက်ချ သည့် မိုင်းပန်မြို့အခြေစိုက် ခမရ ၅၇၇ မှ တပ်သားသက်ဆွေကိုမူ RCSS/SSA က အောက်တိုဘာလ ၁၃ ရက်နေ့က လဲချားမြို့ရှိ အစိုးရတပ်မတော်ထံ ပြန်ပေးအပ်ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ တပ်မတော် နှင့် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော်အစိုးရမှ ၂၀၁၅ အောက်တိုဘာ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် တခုဖြစ်ပါသည်။

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...