ဘူးသီးတောင် မြို့နယ်အတွင်း AA ကို မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံး ထိုးစစ်ဆင်တောင်ယာများ မီးရှို့ဖျက်ဆီးမှုများ ရှိနေကြောင်း အေအေစွပ်စွဲ

ဘူးသီးတောင် မြို့နယ်အတွင်း AA ကို မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံး ထိုးစစ်ဆင်တောင်ယာများ မီးရှို့ဖျက်ဆီးမှုများ ရှိနေကြောင်း အေအေစွပ်စွဲ

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းတွင် မြန်မာ့တပ််မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်များအတွင်း တိုုက်ပွဲများ ဆက်တိုက်ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ တိုုက်ခိုုက်ခဲ့သလို ကျေးရွာ အချို့နှင့် စပါးစိုက်ခင်းများကို မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က ပြောဆိုုစွပ်စွဲထားသည်။

တိုက်ပွဲများကြောင့် ဒေသခံ အချို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး အသက်ဆုံးရှုံး ခဲ့ရသူများလည်း ရှိနေသည်။

နိုဝင်ဘာလ ၁ ရက်မှ ၁၄ ရက်နေ့အထိ ချင်းပြည်နယ် တောင်ပိုုင်း ပလက်ဝ မြို့နယ်အတွင်း နေ့စဉ်ရက်ဆက် တိုုက်ပွဲများ ဖြစ်ခဲ့ပြီး နိုဝင်ဘာလ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်အနီးက နအမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ပြန်လည် ဖြစ်ပွားခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ပြန်ကြားရေး တာဝန်ခံခိုင်သုခကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းရာမှာ ခိုုင်သုခက တိုုက်ပွဲများ အခြေအနေကို

ယခုုလို စတင်ပြောပြပါသည်။

ခိုင်သုခ။ ။ တိုက်ပွဲက လွန်ခဲ့တဲ့ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီကနေ ၈ နာရီအထိ အဲမှာ ၄ နာရီကြာတိုက်ပွဲဖြစ်ခဲ့တယ်။ နောက် ၁၉ ရက်နေ့ မနက်မှာ မနက် ၈ နာရီလောက်ကနေစပြီးတော့ ဗမာ့တပ်မတော်ဖက်

ကနေ ပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်တာ ရှိတယ်ဗျ။ အဲဒီ ၁၉ ရက်နေ့ မနက်မှာပဲမနက်ပိုင်း ၁၀ နာရီ ၅၀ ကနေ ၁၁ နာရီ ၂၀ အထိ ဟယ်လီကော် ပတာ ၂ စီးကနေပြီးတော့ လာရောက်ပြီးဗုံးကြဲ တိုက်ခိုက်တာ ရှိတယ်ခင်ဗျ။

မေး။ ။ ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်တဲ့နေရာက ဘယ်နားမှာ ဖြစ်တာလဲ။

ခိုင်သုခ။ ။ တိုက်ပွဲဖြစ်တဲ့နေရာက ကျနော်တို့ ဒီ ဘူးသီးတောင်မြို့နယ်ထဲက နအမ်းဆိုတဲ့ ရွာနားမှာဖြစ်တာ။ ဟို မြန်မာ့ တပ်မတော်ရဲ့ ဒစက ၅ လက်အောက်ခံ ခမရ ၅၄၃ ပေါ့။ အဲဒီ ခမရ ၅၄၃ က ကျနော် တို့ ရက္ခိုင့်တပ်မတော် အခြေပြု ထားတဲ့ ဒေသအတွင်းကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲကဖြစ်တာ။ အဲဒီ ၁၈ ရက်နေ့ ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ၄ နာရီကြာ တိုက်ပွဲဖြစ်တယ်ဗျာ။ ဆိုတော့ အဲဒီမှာ တိုက်ပွဲဖြစ်ပြီးမှ မြန်မာ့တပ်မတော်ဖက်ကနေ တော်တော်လေး အထိနာသွားတယ်။ အထိနာ သွားတော့ အဲဒီမှာ ၁၈ ရက်နေ့ တညလုံးပဲ သူတို့လည်း လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပြီးတော့ ပစ်တယ်ဗျာ။ ဆိုတော့ ၁၉ ရက်နေ့ မနက်မှာ ၈ နာရီလောက်မှာ သူတို့က နောက်ထပ် အင်အားတွေ ဖြည့်ပြီးတော့မှ မြေပြင်ထိုးစစ် အများကြီးဆင်တယ်။ ဆင်တော့ အဲဒီ ၁၉ ရက်နေ့မနက် ၁၀ နာရီ ၅၀ ကနေ ၁၁ နာရီ ၂၀ အထိ သူတို့ ဒီ ဟယ်လီကော်ပတာ ၂ စီးနဲ့ လာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တယ်။ အဓိကကတော့ သူတို့ အဲဒီ ၁၈ ရက်နေ့ ညတိုက်ပွဲမှာ ပိတ်မိနေတဲ့ သူတို့ရဲ့ ဒီတပ်ဖွဲ့တွေကို လာပြီးတော့ ပစ်ကူပေး ပြီးတော့ ဖောက်ထုတ်တဲ့ သဘောပဲ။

မေး။ ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာကော တိုက်ပွဲတွေကော ဖြစ်သေးလား။ အဲဒီဖက်က အခြေအနေက ဘယ်လို ရှိပါသလဲ။

ခိုင်သုခ။ ။အဲဒီ ပလက်ဝ မြို့နယ်ဖက်မှာတော့ တိုက်ပွဲဖြစ်ခဲ့တာက နိုဝင်ဘာ ၁ ရက်နေ ့ကနေ ၁၄ ရက်နေ့ အထိကျနော်တို့ ၁၄ ရက်လုံးလုံး တောက်လျှောက် တိုက်ပွဲဖြစ်ခဲ့တယ်ဗျာ။ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ဗမာ့တပ်မတော်ဖက်ကလည်း တော်တော်လေး အဲဒီမှာ အကျအဆုံးတွေ များသေးတယ်။ ဆိုတော့ အဲဒီ ၁၅ရက်နေ့ကနေ စပြီးတော့ အခုချိန်ထိတော့ တန့်နေတာပေါ့ဗျာ။ ဒါပေမယ့် တိုက်ပွဲ တန့်နေပေမယ့်လည်း ဗမာ့တပ်မတော်ဖက်ကတော့ အဲဒီမှာ ဒေသခံ ကျေးရွာတွေကို လိုက်ပြီးတော့ မီးရှို့တာတွေရှိတယ်။ အဲဒီ ကွေးလိုင်လန်းကျေးရွာကို သူတို့ ၁၂ ရက် ၁၃ ရက်နေ့မှာ သူတို့ မီးရှို့လိုက်တယ်။ ၁၂ ရက်နေ့မှာ တစ်ကြိမ်ရှို့တယ်။ ပြီးတော့၁၃ ရက်နေ့မှာ တစ်ကြိမ် ရှို့တယ်။ ဆိုတော့ နောက်အဲဒါနဲ့ ဆက်စပ်ပြီးတော့ အနီး အနားရှိ တောင်ယာတွေကိုလည်းပဲ အကုန်လုံး သူတို့ စပါးခင်းတွေကို လိုက်ပြီးတော့မှ ဗမာ့တပ် မတော်က ဖျက်ဆီးတယ်ခင်ဗျာ။ အဓိကကတော့ ဗမာ့တပ် မတော်က မြေလှန်စနစ်ကျင့် သုံး တယ်ပေါ့ဗျာနော်။ အဲဒီအကုန်လုံး ရိက္ခာတွေ လုံးဝမရှိစေရေး သူတို့အဲလိုမျိုး ဆောင် ရွက်တာတွေ ရှိတယ်ဗျာ။ မြေလှန် စနစ်ကျင့်သုံးတဲ့ဟာ။

မေး။ ။ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိသေးလား ဘယ်လိုသုံးသပ်လို့ရသလဲ။

ခိုင်သုခ။ ။ အခုက ဗမာတပ်မတော်ဖက်နေပြီး ဘူးသီးတောင် မြို့နယ်ဖက်မှာလဲပဲ အင်အားတွေ ထပ်ပြီးတော့ဖြည့်လာတာ ရှိတယ်ဗျာ။ နောက် ပလက်ဝမြို့နယ်ဖက်မှာ အင်အားတွေ ထပ်ပြီး ဖြည့်နေတာရှိတယ်။ ဆိုတော့ တိုက်ပွဲကတော့ ဆက်ပြီးတော့ ဖြစ်လာနိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်ဗျာ။ ဗမာ့တပ်မတော်ဖက်ကနေ အင်အား ဖြည့်တင်းနေတဲ့ ဥစ္စာတွေကို သုံးသပ်ရင်တော့ တိုက်ပွဲကတော့ အချိန်မရွေး ဆက်ဖြစ်လာနိုင်တယ်ခင်ဗျ။

မေး။   ။ AA အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိလား။ တွေ့ဆုံဆွေးနွေးမယ့် အလားအလာကော ဘယ်လိုရှိသလဲခင်ဗျ။

ခိုင်သုခ။     ။ ကျနော်တို့ဖက်ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အမြဲတမ်းတံခါး ဖွင့်ထားပြီးသားဗျာ။ အဓိကကတော့ ဗမာ့တပ်မတော်နဲ့ ဗမာအစိုးရပေါ်မှာပဲ မူတည်တယ်။ သူတို့က ထိုးစစ်တွေ ရပ် ပြီးတော့မှ ဆွေးနွေး ပွဲတွေ ဖြစ်မြောက်အောင် လုပ်လို့ရှိရင်တော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်တယ် အခုလိုမျိုး အမြစ်ဖြတ် ခြေမှုန်းရေး ဆိုပြီးတော့မှ ကြွေးကြော်ပြီးတော့မှ ထိုးစစ်ကြီးတွေ လုပ်နေမယ်ဆိုလို့ရှိရင်တော့ ဒါ ငြိမ်းချမ်းရေးက ဝေးနေအုံးမယ်လို့ ကျနော်အဲလိုပဲ သုံးသပ်တယ်ခင်ဗျ။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...