ထို့ပြင် ယင်းပွဲနှင့်အတူ ဖလမ်းမြို့ ပြည်သူ့ဆေးရုံ ရာပြည့်အထိမ်းအမှတ်ပွဲနှင့် ၆၉ နှစ်ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားတို့အား ပူးတွဲကျင်းပမည်ဟု သိရသည်။
ဖလမ်းမြို့သည် ချင်းအမျိုးသားတို့၏ သမိုင်းမှတ်တိုင် အမြောက်အများ စိုက်ထူရာ မြို့လည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းအား သိမ်းပိုက်သည့်အခါတွင် နောက်ဆုံးထိပ်တိုက်ရင်ဆိုင်ရာ ဖြစ်ခဲ့ပြီး၊ ဗိုလ်ဆွန်ပက် (ကြွန်ဘိခ်) ၏ တာရွှန်းမျိုးနွယ်စုနှင့် အခြားချင်းမျိုးနွယ်စုများတစုတစည်းတည်း ရင်ဆိုင်ခဲ့ရာ ဒေသလည်း ဖြစ်သည်။ ဗြိတိသျှတို့ ချင်းတောင်တန်းသိမ်းပိုက်ပြီး ၁၈၉၂ မတ်လတွင် ယခုလက်ရှိ ဖလမ်းမြို့ကို ဗြိတိသျှအစိုးရတပ်စခန်းအဖြစ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်တို့၏ တာရွှန်းရွာမအမည် Fahlam အား ယူကာ ဗြိတိသျှတို့မှ Falam ဖလမ်း ဟု အမည်ခေါ်တွင်ခဲ့လေသည်။
ဖလမ်းမြို့သည် ခရိုင်ဝန်ရုံးအခြေစိုက်ခဲ့ပြီး၊ ချင်းတောင်တပ်ရင်း (Chin Hills Battalion) ၏ ဌာနချုပ်နှင့် ရဲစခန်းများ အခြေစိုက်ရာ ဖြစ်ခဲ့သည်။ ချင်းအမျိုးသားများနှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ တွင် ကျင်းပကြသော ချင်းအမျိုးသားနေ့ဖွားမြင်ရာလည်း ဖြစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တိုင်အောင် ချင်းတို့၏ မြို့တော်အဖြစ် အသုံးတော်ခံခဲ့သည်။
၁၉၉၂ မေလတွင် ဖလမ်းမြို့ နှစ် ၁၀၀ ပြည့်ပွဲတော်အားလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။







