ယခုမိုးစပါး ရိတ်သိမ်းချိန် မွန်ပြည်နယ်စပါးစျေးသည် စပါးတင်း ၁၀၀ လျင် ကျပ် ၁ သိန်းဝန်းကျင်ခန့် ယမန်နှစ်ထက် စျေးမြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ စပါးကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ထံမှ သိရသည်။
“စပါးစျေး ကမောက်ကမ ဖြစ်သွားရတဲ့အကြောင်းအရင်းကတော့ မိုးကြောင့်ပါ၊ စပါးရိတ်သိမ်းချိန်မှာ မိုးရွာတယ် မိုးရွာတော့ ရိတ်ဖို့က အခက်အခဲရှိတယ်၊ စပါးအဟောင်းကလည်း ပြတ်နေတယ် ဒီလိုအခြေအနေမျိုးမှာ အပြိုင်အဆိုင်ဝယ်ယူနေကြတော့ စပါးစျေးတက်သွားတာ” ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ကိုခိုင်ဦးက ပြောသည်။
မွန်ပြည်နယ်၌ တင်း ၁၀၀ လျှင် စပါးကြမ်းအုပ်စုဝဝင် ကျပ် ၇ သိန်းနှင့် စပါးချောအုပ်စုဝင် ကျပ် ၈ သိန်းကျော် လက်ရှိပေါက်စျေးရှိနေပြီး ယမန်နှစ်က စပါးကြမ်းအုပ်စုဝင် ကျပ် ၆ သိန်း၊ စပါးချောအုပ်စုဝင်ကျပ် ၇ သိန်းသာ ရှိခဲ့သည်။
“စပါးစျေးတက်တော့ ဆန်စျေးလည်း တက်သွားတယ်၊ အဓိက မိုးကြောင့်ပေါ့လေ အခုစပါး စရိတ်တဲ့အချိန်ဖြစ်တယ်၊ စပါးအဟောင်းကလည်း ကုန်နေပြီး ကြားကာလဖြစ်သွားတာပေါ့ စပါးအသစ်လဲ ကောင်းကောင်းမထွက်သေးဘူး စပါးအဟောင်းလည်းကုန်သွားတဲ့အနေအထားမှာ စပါးစျေးက တက်သွားတာပါ” ဟု အိမ်ရှင်မ ဆန်ရောင်းဝယ်ရေးမှ မမီးမီးက ပြောသည်။
သို့သော် ရာသီဥတုအခြေအနေ ပုံမှန်ဖြစ်ပြီး မိုးစပါးအထွက် ပုံမှန်ဖြစ်လာချိန်တွင် စပါးစျေး ပြန်ကျသွားမည့်အနေအထားရှိကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။
“စပါးစျေး နည်းနည်းကောင်းတော့ လယ်သမားတွေအတွက် အဆင်ပြေတဲ့အနေအထားရှိတယ် ဒါပေမယ့် အခုက စပါးစျေးကောင်းချိန်မှာ မိုးရွာနေတော့ စပါးကောင်းကောင်းရိတ်လို့မရဖြစ်နေတယ်၊ စျေးပြန်ကျသွားမှာ စိုးရိမ်တယ်၊ ဒီစျေးအတိုင်းသာ ရရင် လယ်သမားတွေအတွက် အဆင်ပြေတယ်၊ ခါတိုင်းနှစ်တွေက စပါးစျေးမကောင်းတော့ လယ်သမားတွေ ဒုက္ခရောက်ကြရတယ်” ဟု မုဒုံမှ လယ်သမားတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် ရာဘာပြီးလျှင် စပါးစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြပြီး မိုးစပါးကို အဓိကထား စိုက်ပျိုးကြသည်။







