မော်လမြိုင် အဝေးပြေးကားဝင်း အဆင့်မြှင်တင်ရန် ပြည်နယ်အစိုးရ စီစဉ်နေသည်။မော်လမြိုင် အဝေးပြေးကားဝင်း အဆင့်မြှင်တင်ရန် ပြည်နယ်အစိုးရ စီစဉ်နေသည်။
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြေနီကုန်းအဝေးပြေးကားဝင်းကို အဆင့်မြှင့်တင်ရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ပြည်နယ်စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။
ယင်းလုပ်ငန်းဆောင်ရွက်ရန် အောက်တိုဘာ ဒုတိယအပတ်က မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ကွင်းဆင်းလေ့လာထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကားဝင်းအတွက် ကျွန်တော်တို့ လေ့လာထားတဲ့ အချက်အလက်တွေကို စည်ပင်ဝန်ကြီးက ဝန်ကြီးချုပ်ကို တင်ပြထားတယ်။ ဝန်ကြီးချုပ်က ဘယ်လိုဆုံးဖြတ်မလဲတော့ မသိဘူး”ဟု ဝန်ကြီးက ဆိုသည်။
ယင်းသို့ကွင်းဆင်း လေ့လာရာမှ သိရှိရသည့် ကားဝင်းအနောက်တွင် ချိုင့်ဖြစ်နေသော မြေနှစ်ဧကကျော်အား မြေပြန်ဖို့ပြီး တိုးချဲ့ရန် ကုန်ကျစရိတ် သိန်း ၅,၀၀၀ ကိုလည်း ဝန်ကြီးချုပ်ထံ ရေးဆွဲတင်ပြထားကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကားဝင်းတည်ဆောက်စဉ်က လိုအပ်သည့် မြေကြီးကို တူးယူအသုံးပြုရာမှ အဆိုပါ မြေနှစ်ဧကမှာ ယင်းသို့ချိုင့်ဖြစ်ပြီး ရေဆိုးများ စုဝေးရာ နေရာဖြစ်နေကာ ပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှုများလည်း ဖြစ်ပေါ်နေကြောင်း ဝန်ကြီးက ပြောသည်။
မြေနီကုန်း ကားဝင်းမှာ မြေဧကခုနစ် ဧက ကျော်ရှိပြီး မြေဧက ၅ ဧက အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ ယခုအခါ အဝေးပြေးကားကြီးများ များပြားလာမှုကြောင့် နေရာ အကျပ်အတည်းဖြစ်လာသည်။
“ဝန်ကြီးတွေ လာကြည့်သွားတာတော့တွေ့တယ်။ အစ်ကိုတို့ ကားဝင်းက ရှိတဲ့ လူတွေရဲ့ သဘောထား ခံယူထားတာ ရှိတယ်။ ကားဝင်းကြီးကို တခြားမှာ အသစ်သွားလုပ်မယ်ဆိုရင် ကားဝင်းက ဒီလူတွေက ဆန္ဒပြဖို့တောင် ရှိတယ်လို့ ပြောလာကြတယ်၊ ဒါပေမဲ့ ဒီကားဝင်းမှာပဲ တိုးချဲ့ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”ဟု မော်လမြိုင် အဝေးပြေးကားဝင်းရှိ စိုစိုပြေပြေစားသောက်ဆိုင်မှ ဦးအောင်သန့်ဇင်က ဆိုသည်။
မြေနီကုန်း ကားဝင်းမှာ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် တည်ရှိနေပြီး မြို့၏ အချက်အခြာ နေရာတွင် တည်ဆောက်ထားခြင်းကြောင်း ခရီးသွားနှင့် ဒေသခံများအတွက်လည်း အဆင်ပြေမှု ရှိကြောင်း၊ အဆိုပါ နေရာတွင်သာ အဆင့်မြှင်တင်ပါက ကားဝင်းဒေသခံ အားလုံး သဘောတူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မော်လမြိုင် မြေနီကုန်း ကားဝင်းအသစ် တိုးချဲ့ရန်အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်က မေးခွန်းမေးမြန်းရာတွင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က နိုင်ငံတကာအဆင့်မီ ကားဝင်းတည်ဆောက်ရန်အတွက် မြေနေရာရှာဖွေထားကြောင်း ပြန်လည် ဖြေကြားခဲ့သည်။



