သံလွင်တံတားထိပ်မှ ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှား

သံလွင်တံတားထိပ်မှ ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှား
by -
မွန်သတင်းအေဂျင်စီ
ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားနေစဉ်(Facebook)
ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားနေစဉ်(Facebook)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထင်ကရအထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်သည့့် သံလွင်တံတားထိပ်အဝိုင်းပေါ်မှ ဆွမ်းအုပ်ကို သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ဒေသခံများကပြောကြားသည်။

အဆိုပါ ဆွမ်းအုပ်နေရာတွင် ရွှေဟင်္သာရုပ်ဖြင့် ပြန်လည်အစားထိုး တပ်ဆင်ရန်အတွက် ယခုကဲ့သို့ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့ခံ နိုင်အောင်ချမ်း က “မနက် ၁၀ နာရီလောက်မှာ ကရိန်းတွေနဲ့ ဖြုတ်ချပြီး သယ်သွားပြီ။ အရင်က ရွှေဟင်္သာရုပ်ထုကို သိမ်းထားတဲ့နေရာမှာပဲ ပြန်လှောင်ထားမယ်လို့ ကြားတယ်” ဟု ပြောသည်။

ယခင်စစ်အစိုးရလက်ထက် သံလွင်မြစ်ကူးတံတား (မုတ္တမ-မော်လမြိုင်) ဖွင့်လှစ်စဉ် ၂၀၀၅ ခုနှစ်တွင် မွန်လူမျိုးတို့၏သင်္ကေတ ရွှေဟင်္သာရုပ်ထုကို တည်ဆောက်တပ်ဆင်ခဲ့ပြီးနောက် ပြည်သူကို အသိပေးခြင်း မပြုဘဲ ၂၀၀၇ ခုနှစ် မိုးရာသီ၏ ညသန်းခေါင်ယံအချိန်တွင် လျှပ်တစ်ပြက် ဖယ်ရှားကာ ၎င်းနေရာတွင် ဆွမ်းအုပ်ပုံထုဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

လက်ရှိမွန်ပြည်နယ်အစိုးရက ဆွမ်းအုပ်နေရာတွင် ရွှေဟင်္သာရုပ်ထုဖြင့် ပြန်လည်အစားထိုး တပ်ဆင်ရန်အတွက် ယခင်ရွှေဟင်္သာရုပ်ဟောင်းကို ပြန်လည်စုံစမ်းရှာဖွေရာမှ ၉ နှစ်ခန့် ပိတ်လှောင်ခံထားသည့် ၎င်းရုပ်ထုကို ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး ပစ္စည်းသိုလှောင်ရုံအတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည်။

ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရာတွင် မွန်တိုင်းရင်းသားတို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ပြုနိုင်ရန်အတွက် မွန်လူထု တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ၉ ဦးပါ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ ညှိနှိင်းဆောင်ရွက်ခွင့် ရယူခဲ့သည်။

ရုပ်တုသစ် ထုလုပ်ခြင်းနှင့် တပ်ဆင်ခြင်းအတွက် စုစုပေါင်း ငွေကျပ် သိန်း ၄၀ ဝန်းကျင် ကုန်ကျမည်ဟု ကော်မတီက ခန့်မှန်းတွက်ချက်ထားပြီး၊ ပြည်နယ်အစိုးရအနေနှင့် ၎င်းအတွက် ဘတ်ဂျက် လျာထားခြင်း မရှိသည့်အတွက် လက်ရှိတွင် စေတနာရှင်များ၏ အလှူငွေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ရ ရက်နေ့မှ စတင်ထုလုပ်လျက် ရှိသည်။

ယခုပြန်လည်တပ်ဆင်မည့် ရွှေဟင်္သာရုပ်တုသည် ယခင်ခြေစုံရပ် ရွှေင်္ဟသာ မဟုတ်ဘဲ၊ မွန်အမျိုးသားအလံတော်ပါ ပတ္တမြားသွေးရောင်မျက်လုံးရှိ ခြေတစ်ဖက်လှမ်းရွှေဟင်္သာ ဖြစ်ပြီး၊ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းအကြားတွင် ပြန်လည်တပ်ဆင်နိုင်လိမ့်မည်ဟု အထက်ပါကော်မတီမှ နိုင်မင်းမင်းနွယ်က ပြောသည်။

“ဟင်္သာက ပြီးသလောက် ရှိပြီ။ မကြာခင်မှာ ကျွန်တော်တို့ ပြန်တပ်ဆင်နိုင်တော့မယ်” ဟု ၎င်းကပြောသည်။

 ယခုရွှေဟင်္သာရုပ်တုကို ယခင်ဟင်္သာအဝိုင်းနှင့် ဆွမ်းအုပ်အဝိုင်း ဆောက်လုပ်ခဲ့သည့် အင်ဂျင်နီယာဟောင်း နိုင်စိုးသိန်း က ဦးဆောင်ကာ ထုလုပ်လျက် ရှိသည်။

ရွှေဟင်္သာသည် မွန်တိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားသည့် သင်္ကေတတစ်ခုဖြစ်၍ မွန်လူမျိုးများ နေထိုင်ရာဒေသ၏ ကျေးရွာအဝင်တွင်လည်းကောင်း၊ ရွာထိပ် လမ်းထိပ်များနှင့် အထင်ကရနေရာများတွင်လည်းကောင်း အမှတ်တရတည်ထားလေ့ ရှိကြသည်။

May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...
May 6, 2024
မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၈၀ တွင် စစ်ကောင်စီမှ သတင်းစီးဆင်းမှု၊...
May 6, 2024
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် ၊ ဘီးလင်း - ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း ယနေ့မေလ ၆ရက်နေ့...