နန်းဆုံဖော့အွာအတွက် အမှတ်တရလက်ရွေးစင်ခွေထုတ်သွားမယ့်အပေါ် အမြင်သဘောထားများ

နန်းဆုံဖော့အွာအတွက် အမှတ်တရလက်ရွေးစင်ခွေထုတ်သွားမယ့်အပေါ် အမြင်သဘောထားများ
by -
ကေအိုင်စီ
ပြီးခဲ့တဲ့၂၀၁၄ခုနှစ်က နှလုံးရောဂါနဲ့၂၂ အရွယ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော်ကရင် လူငယ်အမျိုးသမီးအဆိုတော် နန်းဆုံဖော့အွာအတွက်ရည်စူးပြီး အမှတ်တရလက်ရွေးစင်သီချင်းခွေတစ်ခွေကို ယခုနှစ် နိုဝင်ဘာ ရရက်နေ့(ကရင်ပြည်နယ်နေ့)မှာ ထုတ်ဝေဖြန့်ချိသွားဖို့ရှိပါတယ်။ အဲဒီသီချင်းခွေဟာ ကရင်အဆိုတော်ညီအစ်ကိုမောင်နှမအချို့ ပါဝင်သီဆိုသွားမှာဖြစ်ပြီးတော့ နန်းဆုံဖော့အွာသက်ရှိထင်ရှားစဉ်က သီဆိုအောင်မြင်တဲ့သီချင်းတွေလည်းဖြစ်ပါတယ်။

ဖားအံမြို့ဇာတိ ဖြစ်သူ နန်းဆုံဖော့အွာဟာ ငယ်စဉ်ကတည်းက သီချင်းဆိုတာအပြင် ဒုံးအကနဲ့ သရုပ်ဆောင်မှာ လည်း ဝါသနာပါသူ ဖြစ်ပါတယ်။ ပညာရေးမှာတော့ မြန်မာစာနဲ့ ကျောင်းပြီးခဲ့ပါတယ်။ အနုပညာ လောကမှာတော့ အခြားအဆိုတော်နဲ့အတူ သူပါဝင်သီဆိုတဲ့ သီချင်းခွေ ၅ခွေနဲ့ အခြား live show ခွေအချို့လည်း ပါဝင်ပါတယ်။ သူသီဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ကရင့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဓမ္မတေးနဲ့ ချစ်ခြင်းမေတ္တာ စသည်တို့ကို ဖော်ကျူးတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

မကြာခင် ထုတ်ဝေသွားမယ့် နန်းဆုံဖော့အွာရဲ့ လက်ရွေးစင်ခွေသီချင်းခွေအပေါ်ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်သွားမယ့်အကြောင်းနဲ့ ပတ်သက်ပြီးသူ့ရဲ့ ဖခင်တေးရေးဆရာစောမူလျာဝေါ်၊ မိခင်နန်းအဲစူးမွီးနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် သရုပ်ဆောင်မင်းသမီး နန်းဖော့သိုင်သော့နဲ့ အဆိုတော်စောဖလွန့်ဟပိုင်တို့ရဲ့ အမြင်သဘောထားတွေကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါတယ်။

indexK11
စောမူလျာဝေါ် (ကရင်တေးရေးဆရာ၊နန်းဆုံဖော့အွာဖခင်)

သမီးရှိတုန်းကဆိုထားတဲ့သီချင်းတွေရယ်၊သူရဲ့အမဆိုထားတဲ့သီချင်းတွေစုပြီးပေါင်းထုတ်ချင်တယ်။ ကရင်ပြည်နယ် အတွင်းမှာပဲဖြန့်ချိမယ်။ ကြီးကြီးမားမားတောရယ်လို့တော့မဟုတ်ပါဘူး။ သီဆိုထားပြီးသားတွေကို selection(ရွေးချယ်မှု)အနေနဲ့ပါ။ အောင်မြင်သွားတဲ့သမီးရဲ့သီချင်းတွေကို အဆိုတော်/သရုပ်ဆောင်လည်းဖြစ်တဲ့နန်းဖော့သိုင်သော့(နာန်.ဖဝ့်သါ်သဝ့်) ကပဲသရုပ်ဆောင်ပေးတယ်။ သူရဲ့ပရိတ်သတ်တွေက သူ့ကိုအများကြီးမျှော်လင့်တယ်။ သူမရှိနေစဉ်တုန်းကမှာ အနုပညာကိုအများကြီးလုပ်ချင်တယ်။ သူမဆိုတဲ့သီချင်းတွေကတော့ အများဆုံးကခပ်မြူးမြူးသီချင်းတွေပဲများပါတယ်။ သူကတော့ဆိုတာရော၊အမူရာတွေရောသူများနဲ့မတူဘူး။ သူအသံလည်းသူများနဲ့မတူဘူး။ သူဆိုတဲ့သီချင်းအများစုက ပရိတ်သတ်တွေက တော်တော်သဘောကျပါတယ်။

သူမရှိတော့တဲ့နောက်ပိုင်းမှာနှမြောတယ်ပေါ့နော်။ သမီးရဲ့ပထမဦးဆုံးဆိုတဲ့ သီချင်းကတော့ကရင်ဓမ္မတေးဖြစ်တယ်။ သီချင်းရဲ့ခေါင်းစဉ်ကတော့ “ငါကလည်းမဟုတ်နင်ကနင်လည်းမဟုတ်” အဓိပ္ပာယ်ရတယ်။ အဲဒီသီချင်းကသမီးရဲ့ဘဝကို ဖော်ညွှန်းနေသလိုဖြစ်သွားပါတယ်။ အဓိကထုတ်ဖြစ်ရတဲ့ရည်ရွယ်ချက်ကတော့ ဆုံးသွားတဲ့သမီးကိုသတိရတဲ့အနေနဲ့ ပရိတ်ဿတ်တွေကိုပြန်လည်တင်ဆက်ချင်တဲ့သဘောပါပဲ။ သမီးကိုချစ်ခင်တဲ့သူမရဲ့သူငယ်ချင်းတွေလည်း အားပေးကြမယ်လို့တော့မျှော်လင့်ပါတယ်။

indexK2
နန်းအဲစူးမွီ (နန်းဆုံဖော့အွာမိခင်)

သမီးရဲ့အဖေရေးပေးထားတဲ့ သီချင်းတွေကို သမီးရဲ့ဆန္ဒအရဆိုမယ်ပေါ့။ နာမယ်ရအောင်ဝါသနာလည်းပါတော့ ရအောင်ဆိုမှာပေါ့။ အဲဒါတွေကိုသူမက အဓိကရည်မှန်းထားတာပါ။ ရည်မှန်းထားသလိုပဲ သမီးလည်းအောင်မြင်လာတဲ့အခါတော့ ဝမ်းသာပီတိဖြစ်တယ်။ နောက်ထပ်ခွေထုတ်ဖို့ အစီစဉ်ရှိတဲ့အခါကျတော့ဒီ “ခါ့ထောင်းလယာ့ပါမလီ” ကာရာအိုကေခွေထဲမှာ “ယဂေတဆာ”ဆိုတဲ့ မြန်မာလိုက “တကယ်လှရဲ့လား” အဓိပ္ပာယ်ရတဲ့ သီချင်းတစ်ပုဒ်ကိုသမီးဆိုခဲ့တယ်။ အဲဒီသီချင်းမှာ သမီးကိုယ်တိုင်သရုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်။ ဒါပေမယ့်သမီးက ရုတ်တရက်နှလုံးရောဂါနဲ့ဆုံးသွားတော့ သရုပ်ဆောင်မဖြစ်သွားဘူး။

အဲဒါနဲ့သမီးသူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင်နန်းဖော့သိုင်သော့က ပြန်သရုပ်ဆောင်ပေးတယ်။ သမီးကကရင်အမျိုးသားနဲ့ ဆိုင်တဲ့စာပေအနုပညာတို့ ချစ်ခင်လေးစားတယ်။ ကရင်ဖြစ်ရတာလည်းရုဏ်ယူတယ်။ နောက်သမီးကသူမရဲ့ ပရိဿတ်တွေကို အရမ်းချစ်ခင်တယ်။ သူမကိုအားပေးတဲ့လူတွေကို လေးစားတာကိုတွေ့ရတယ်။ သမီးမရှိတော့တဲ့အတွက် မိခင်တစ်ဦးအနေနဲ့ သမီးကိုယ်စားပရိဿတ်တွေကို ပြောကြားချင်တာက သမီးရဲ့အနုပညာကိုဆက်ပြီး ကြိုးစားချင်ပေမယ့်ကြိုးစားခွင့်မရှိတော့တဲ့အတွက် ဆိုခဲ့ပြီးတဲ့ သီချင်းနဲ့ပဲပရိဿတ်တွေကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ တမလွန်ဘဝရောက်တဲ့ သမီးက ဝမ်းသာနေမယ်လို့တော့အထင်နဲ့ သမီးသီဆိုထားတဲ့သီချင်းတွေ ပြန်လည်စုပေါင်းထုတ်ရခြင်းဖြစ်တယ်။

indexK
ဖော့သိုင်သော့(သရုပ်ဆောင်မင်းသမီး)

သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူဆိုထားတဲ့သီချင်းထဲမှာ သရုပ်ဆောင်ခွင့်ရတာတော့ဝမ်းသာပြီးသားပါ။ ဒါပေမယ့်ပို ပြီးပီတိဖြစ်တဲ့အကြောင်းကတော့ သူဆိုပြီး ထွက်လာတဲ့သီချင်းကအောင်မြင်တယ်။ ပရိဿတ်တွေလည်း ကြိုက်တယ်။ နေရာအနှံမှာ သူ့သီချင်းနားထောင်ပြီး သိကြတယ်ပေါ့နော်။ အဲဒါတော်တော်လေးကို သူ့အစားဝမ်းသာမိတယ်။ ပြီးတော့ဘယ်သူဖြစ်ဖြစ် အနုပညာသမားဘဝရောက်ဖို့ဆိုတာက တော်တော်လေးခက်ခဲတယ်၊ ကြိုးစားရတယ်။ သူ့အနေနဲ့လည်း အများကြီးကြိုစားခဲ့ရတယ်။ သူမရှိတဲ့နောက်ပိုင်းမှာတော့ သူ့သီချင်းတွေက ပိုပြီးအောင်မြင်လာတယ်လေ။ သူ့ကိုအရမ်းနှမြောမိတယ်၊ ပရိဿတ်တွေက သူ့သီချင်းတွေကိုတော့ နားထောင်သွားမှာပါ။

သူနဲ့စခင်ဖြစ်လာတာသူက အခြားမိန်းကလေးတွေနဲ့မတူဘူး။ ဆက်ဆံရေးကောင်းတယ်။ စိတ်သဘောထားလည်းကောင်းတယ်။ အဲဒါကြောင့်သူ့ကို အရမ်းခင်မိတယ်။ သူနဲ့ခင်တာမကြာလိုက်ရဘူး။ တို့တွေကိုသူချန်ထားလိုက်တာပေါ့။ သူမရှိတဲ့နောက်မှာ သူသရုပ်မဆောင်ဖြစ်လိုက်ရတဲ့သီချင်း၂ပုဒ်ရှိတယ်။ သီချင်းနာမည်ကတော့ (ခါ့ထင်းလယါ့ပု်မု်လေဝ်)ခွေထဲမှာ (ယ်ုဂေတု်ယှာ.)သီချင်းနဲ့ (ယ်ုအဲထုဂ်ဖဝ့်ခါန်.ဆိုင့်) ထဲခွေထဲမှာ (ဖူအဲကျဝ့်၁၅၀၀) သီချင်းနဲ့ပေါ့နော်။ အဲဒီသီချင်း၂ပုဒ်က တော်တော်လေးပရိတ်သတ်ရင်ခွင်ထဲကို ပေါက်သွားတယ်။ တကယ်လို့ သူရှိရင်သူအဖေသီချင်းကိုပဲသူဆက်ဆိုသွားမယ်။ သရုပ်ဆောင်လည်းလုပ်သွားမှာပေါ့။ ဘာဖြစ်လည်းဆိုတော့ သူကသရုပ်ဆောင်အပိုင်းမှာလည်းတော်တယ်၊ အဆိုလည်းတော်တယ်။ ဘယ်အနေထားပိုင်းမှာပဲဖြစ်ဖြစ် အနုပညာဘက်မှာတော့သူကတော်တယ်။ ပညာရေးအပိုင်းမှာလည်းဘွဲ့ရထားတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့နော်။

အမျိုးသားရေးအတွက် လည်းသူကတတ်နိုင်တဲ့ ဘက်ကအနုပညာနဲ့ သူလုပ်ပေးခဲ့တာတွေလည်းအများကြီးရှိတယ်။ အဲဒါသူ့ကို အရမ်းသဘောကျတယ်။ တကယ်လို့သူရှိရင် ဒီအချိန်မှာသူတော်တော်လေးကို ကြိုးစားပြီးအရမ်းအောင်မြင်နေပြီးပေါ့။ မကြွေသင့်မကြွေထိုက်တဲ့ ပန်းတစ်ပွင့်စောစောစီးစီးကြွေသွားတာ အလွန်ဝမ်းနည်းတယ်။ ပရိတ်သတ်လည်း သူ့ကိုအရမ်းလည်းနှမြောမိတယ်လို့ထင်တယ်။ သူမရှိပေမယ့်လည်း ထွက်လာမယ့်သူ့ခွေတွေကို အားပေးပါဦးလို့ပရိတ်သတ်တွေကို ပြောချင်ပါတယ်။

indexK3
ဖလွန့်ဟပိုင် (ကရင်အဆိုတော်)

ကျနော်က ပထမဆုံးအကြိမ်သီချင်းစသွင်းမယ့်အချိန်တုန်းက စတိုရီယိုအခန်းမဝင်ခင်မှာ စိုးရိမ်ရင်ခုန်တာပေ့ါ။ အဲဒီအချိန်မှာညီမ(နန်းဆုံဖော့အွာ)ကျနော်ကိုအားပေးတယ်။ ပထမသွင်းတော့အဆင်မပြေဘူးလေ။ သူကကျနော်ကိုပထမအခေါက် အဆင်မပြေရင် ဒုတိယအခေါက်အဆင်ပြေလာမှာပေါ့လို့ ကျနော်ကိုအားပေးဖူးတယ်။ သူကပြောရရင် လုပ်ဖော်ကိုင်ဖက်အပေါ်ပဲဖြစ်ဖြစ် သူငယ်ချင်းအပေါ်မှာပဲဖြစ်ဖြစ် စိတ်ကောင်းရှိတယ်။ သူမရှိတော့တဲ့ နောက်ပိုင်းမှာသူမရဲ့ သီချင်းတွေကို နားထောင်ရတိုင်း ညီမရှိနေသေးသလိုမျိုးပဲ ကျနော်ခံစားမိပါတယ်။ အခုလက်ရှိမှာ ကျနော်တို့သီချင်းသွင်းနေပါတယ်။ ဒီလိုမျိုးသီချင်းသွင်းနေချိန်မှာ ညီမလေးဆုံဖော့အွာကိုသတိရလွမ်းမိတယ်။ ဒါပေမယ့်ညီမက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သွားတယ်ဆိုတော့ မတတ်နိုင်ဘူးပေါ့နော်။ အခုညီမလေးရဲ့ထွက်တော့မယ်ခွေကိုလည်း အားပေးကြပါဦးလို့ ပရိသတ်တွေကို ပန်ကြားချင်ပါတယ်။

Most read this week

December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...