အစိုးရတပ်နှင့် KIA နှစ် နေရာမှာ တိုက်ပွဲ ဖြစ်

အစိုးရတပ်နှင့် KIA နှစ် နေရာမှာ တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ကချင်ပြည်နယ် အရှေ့ဘက်နှင့် တောင်ဘက် နှစ် နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ဒဘတ် (Dabak) ကျေးရွာ အနီး နော်ဂူ (Naw Gu) ရွာ အပြင်ဘက်မှာ အစိုးရဘက် ခလရ (၅၁)နှင့် ခမရ (၃၈၂) စုပေါင်းစစ်ကြောင်းနှင့် KIA ဗဟိုလုံခြံုရေးတပ်ဖွဲ့ ကြား ကြာသာပတေးနေ့ နံနက်ပိုင်း အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်း အစိုးရစစ်ကြောင်းကို KIA မှ မိုင်း (၇)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ရာတွင် အစိုးရဘက် (၁၅)ဦး သေဆုံးပြီး (၂၀)ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

KIA မှ မိုင်းများဖြင့် တိုက်ခိုက်ရာတွင် အစိုးရတပ်ဘက် သေဆုံး ထိခိုက်မှု များနိုင်ကြောင်း KIA ဗဟိုလုံခြံုရေး တပ်ဖွဲ့ အရာရှိ တဦးကလည်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။ KIA ဘက် ထိခိုက်မှု မရှိကြောင်း သူက ဆက်ဆိုသည်။

ယခု တိုက်ပွဲ နေရာသည် ၀ိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အနောက်ဘက်နှင့် ဧရာဝတီမြစ် ကြား KIA တပ်များ အားလုံးကို ရှင်းလင်းရေး တပ်မတော်ဘက်မှ ပြီးခဲ့သည့် မတ်လကုန် အမျိုးသား ဒီမိုကရေစီ အစိုးရ အဖွဲ့သစ် တက်လာ ကတည်းက စစ်ဆင်နေသော ဒေသ အထဲမှာ ဖြစ်ပါသည်။

ထိုနေ့ နံနက်ပိုင်း မှာပဲ ဗန်းမော်ခရိုင် မံစီမြို့နယ် KIA တပ်မဟာ (၃)၊ တပ်ရင်း (၁၂) နယ်မြေ Zai Bru Tsun Yang ဆိုသည့် နေရာမှာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက် ထိခိုက် သေဆုံးမှု သတင်းကို မူ မသိရ သေးပါ။

ဇူလိုင် ၂၀ တပ်မတော်၏ ရန်ကုန်မြို့ သတင်းစာ ရှင်းလင်းပွဲ တွင် ဒုဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး က တပ်မတော် ဘက်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး ပါ၀င်မည့် ကချင်ပြည်နယ် မိုင်ဂျာယန် (Mai Ja Yang) မျက်နှာစုံညီ အစည်းအဝေးကို ‘ဖြစ်နိုင်ရင် မလုပ်စေလိုကြောင်း’ ပြောကြားခဲ့ပြီး နောက် တရက်မှာ KIA နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...