ပစ်သတ်ခံရသော ကချင်ကျောင်းသား အမှု သက်သေများကို စတင် စစ်ဆေး

ပစ်သတ်ခံရသော ကချင်ကျောင်းသား အမှု သက်သေများကို စတင် စစ်ဆေး
by -
ကေအဲန်ဂျီ
အစိုးရတပ်မတော်သား ၂ ဦး ပစ်သတ်လိုက်သည့် ကွန်ပျူတာကျောင်းသားတစ်ဦး အမှုနှင့် ပတ်သက်ပြီး တရားလို တရားခံ နှစ်ဖက် သက်သေများကို ဇူလိုင် ၁၁ ရက်နေ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းတွင် ပထမဆုံးအကြိမ် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပစ်သတ်ခံရသည့် အသက် ၁၉ နှစ် မောင်ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng) ၏ မိတ်ဆွေ သုံးဦးမှာ မောင်ဂျိုးဇက်ဘရန်နန် အသက် (၁၉)နှစ် တပ်ကုန်းရပ်ကွက်၊ မောင်ထွယ်ဆန်အောင် အသက် (၁၈) နှစ် ကချင်စုရပ်ကွက်နှင့် မောင်ဆွတ်ဂျတ်အောင် အသက် (၁၇)နှစ် ဒူကထောင် ရပ်ကွက်တို့မှ ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် ပစ်ခတ်သည့် မြန်မာ့တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး (ထောက်ပို့) တပ်ရင်း အမှတ် (၇၂၇)မှ တပ်သား မောင်မောင်နှင့် ဒုတပ်ကြပ် နန်ဟီးခင်ဒန် အပြင် ယင်းည က တပ်မတော်သား ၂ ဦးကို အကူအညီတောင်းခံ ခဲ့သည့် လူငယ် စုံတွဲ ၂ တွဲဖြစ်သည့် မောင်ဝင်းမျိုးသန့်၊ မောင်ဆီဆာရဲ၊ မနန်းလေးဝါးနှင့် မနွေးနွေး စုစုပေါင်း ၆ ယောက်ကို ခေါ်ထားကာ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း အမှုတွင် ပါဝင်ကူညီနေသူ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာ က ဆိုပါသည်။

ဇူလိုင်လ ၁၁ ရက်နေ့က မောင်ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng) ၏ မိတ်ဆွေ သုံး ဦး ရဲစခန်းတွင် ထွက်ဆိုခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုဘက်မှ ဦးဆောင်ကူညီပေးနေသူ
ဦးလ မိုင်ဂွမ်ဂျာ (Slg. Lamai Gum Ja)က  ယခုလိုပြောပါသည်။

“ရဲတွေကနေ သေသွားတဲ့သူ မိတ်ဆွ ၃ ဦးရဲ့ သက်သေခံ ထွက်ဆိုချက်တွေ ကို မှတ်တမ်း ယူလိုက်တယ်။ အဲဒီအဆင့်ပဲ ရှိသေးတယ်။ ပြီးတော့ စစ်သား ၂ ယောက်နဲ့ စုံတွဲ ၄ ယောက် စုစုပေါင်း ၆ ယောက်ကိုလည်း တန်းစီခိုင်းထားပြီး စစ်တယ်။”

ထို့အပြင် ဤအမှုသည် မပြီးသေးသည့်အပြင် ဆက်လက်စစ်ဆေးရမည့် အပိုင်းရှိသေးသည့်အတွက် မည်သို့ဖြစ်လာမည်ကို မပြောနို်င်သေးသော်လည်း အခြေအနေ ကောင်းသည့် အကြောင်း ဦးလမိုင်ဂွမ်ဂျာ (Slg. Lamai Gum Ja)က ပြောပါသည်။

ရဲစခန်းတွင် မောင်ဂွမ်ဆိုင်းအောင် ၏ မိတ်ဆွေသုံးဦး ထွက်ဆိုချက်မှာ အခင်းဖြစ်ပွားအပြီး အစိုးရ ရဲများ ရှင်းလင်းထားသည့် ‘နောက်မှ လိုက်လာသော လူငယ် ၈ ယောက်ခန့်မှ တပ်သားနှစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ တပ်သား မောင်မောင် ကိုင်ဆောင်သည့် သေနတ်အား လုယူသဖြင့်’ စသည်အချက်မှ မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု အမှုလိုက်ပေး နေသည့် ရှေ့နေ ဦးခွန်နောင် မှ တဆင့်သိရသည်။

ထို သက်သေခံ ထွက်ဆိုပေးသည့် လူငယ် ၃ ဦးကို မြစ်ကြီးနား ကချင်လူထုအင်အား-မြစ်ကြီးနား (Mungshawa Zinlum Hpung-Myitkyina) မှလည်း ကူညီပေးနေကြောင်း သိရပါသည်။

မောင်ဂွမ်ဆိုင်းအောင် ကို ဇွန်လ ၂၀ ရက်ည ၉ နာရီ ၄၀ မိနစ်ခန့် မြစ်ကြီးနား သီတာလမ်းဆုံ အလွန် သခင်နက်ဖေလမ်းနှင့် သီတာလမ်းသွယ် (၄)လမ်းဆုံ တွင် တပ်မတော်သား ၂ ဦးက သေနတ် ကျည်ဆံ ၃ ချက်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ဤအမှုကို တရားမျှတစွာဖြေရှင်းပေးရန် မြန်မာနိုင်ငံလုံုး အတိုင်းအတာဖြင့် ကျောင်းသားအဖွဲ့အစည်းများက ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် မြစ်ကြီးနားမြို့တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နို်င်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့များ ကလည်း မြန်မာ့တပ်မတော်၏ လုပ်ရပ်ကို ရှုပ်ချခဲ့ပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...