အများဆုံးချိုးဖောက်နေသည့်ကိစ္စရပ်များမှာလူထုများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အရာများဖြစ်သည်ဟုဆိုပါသည်။
ဘောလခဲမြို့နယ် ဝမ်ပလဂိတ် ၊ ဖားဆောင်းမြို့နယ်အတွင်းရှိဝမ်အောင်း ၊ ဆွပ်ဖ ၊ ခဲမဖြူ၏ တောင်ဘက် ကျောက်လုံးကြီးဂိတ် စသည့်ဂိတ်စခန်းများတွင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ဖြတ်သန်းသွားလာသူများကိုသက်ဆိုင်ရာလက်မှတ်ပြခိုင်းခြင်း ၊ ငွေကောက်ခံခြင်းများရှိနေသည်။
ထို့အပြင် ဖားဆောင်းအုပ်စုအတွင်းရှိနန်းကစ်နှင့် ပန်ပုရွာမှ ဒေသခံများ၏ ရေထွက်ပေါက်အနီးတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP စခန်းရှိနေသည့်အပေါ် တောင်သူများသွားလာသည့်အချိန် ကန့်သတ်ထားသည့်အတွက် ဒေသခံများကမလိုလားကြကြောင်းဖားဆောင်းမြို့နယ်မှ သံလွင်ချစ်သူအဖွဲ့ ဦးစိုင်းသန်းရွှေကပြောသည်။
"ဒီဘက်မှာကအရမ်းပူတယ်။ တောင်ယာကနေဆိုညလောက်မှပြန်ကြတော့ သူတို့က ည ၆ နာရီနောက်ဆုံးသတ်မှတ်ထားတော့ အဆင်မပြေဘူးပေါ့။"ဟုဦးစိုင်းသန်းရွှေကပြောသည်။
ဘောလခဲမြို့နယ်တွင်လည်းကေအန်ပီပီအဖွဲ့များက နှစ်စဉ်ကြေးများ နှစ်စဉ်ပုံမှန်ကောက်ခံလျက် ရှိကြောင်းဘောလခဲဒေသခံဦးရှုမောင် ကပြောသည်။
“ကျွန်တော်တို့ကို နှစ်တိုင်း နှစ်စဉ်ခွန်ကောက်တယ်၊ အဲ့ဒါတွေကအိမ်မှာစက်၊ ထော်လာဂျီတွေကိုကောက်တယ်၊ တစ်အိမ်ထောင်ကို မုဆိုးမဆို ၄၀၀၀၊ နည်းနည်းအဆင်ပြေတဲ့အိမ်တွေကျတော့ ၆၀၀၀ကျပ် အဲ့လောက်ကောက်တယ်” ဟုပြောသည်။
၎င်းအခွန်ကောက်နေသည့်အဖွဲ့နှင့် ဂိတ်စခန်းချထားသည့်အဖွဲ့များမှာကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ နယ်ခြားစောင့်တပ် ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး( က.လ.လ.တ) တို့ဖြစ် ကြသည်ဟုသိရသည်။
သဘောတူလက်မှတ်ရေးထိုးထားသည့် အချက်များအပေါ်တွင် ၎င်းတို့ နှစ်ဖက်လုံးမလိုက်နာခဲ့သည့် အချက်များရှိနေကြောင်းကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံဆရာမဒေါ်ခွန်ဂျာကလည်းပြောပါသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးဖြစ်စဉ်တွင် ဒေသခံလူထု၏ လိုအပ်ချက်နှင့် အခြေအနေကိုပိုမိုထင်ဟပ်စေပြီးရေရှည်တည်တံ့၍ ခိုင်မာသောဖြစ်စဉ်တစ်ရပ်ဖြစ်စေရန် ပြည်နယ်အဆင့် လူထုအခြေပြု ငြိမ်းချမ်းရေးနှှီးနှောဖလှယ်ပွဲတစ်ရပ်ကိုကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးခန်းမဆောင်တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ နှစ်ရက်သာကျင်းပပြုလုပ်သွားပါသည်။
နှှှီးနှောဖလှယ်ပွဲတွင် လက်ရှိ ပြည်ထောင်စုအဆင့် နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နှစ်ဦးနှစ်ဖက် သဘောတူညီထားကြသည့် အချက်များကိုလည်းဆွေးနွေးသွားကြသည်။
လူထုပါဝင်မှုအခြေအနေများ၊ ကယား(ကရင်နီ)ပြည်နယ်တွင် ဖြစ်ပေါ်တည်ရှိစေလိုသောစနစ်နှင့် ၂၁ ရာစုပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ရင်းနှီးမြုပ်နှံမှု နှင့် ငြိမ်းချမ်းရေးဆိုင်ရာအကြောင်းအရာများဖြစ်သည်။
၎င်းဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ကြေငြာချက် ၁၄ ချက်အနက် လူထုများဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ကောက်ခံခြင်းကိစ္စရပ်များဖြေရှင်းရန်လည်းအချက်တစ်ချက်ပါဝင်သည်။
ထို့အပြင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)အဖွဲ့အစည်းမှ တပ်သားတစ်ဦးသည် ပြည်သူအပေါ် လက်နက်ကိုင် သေနတ်ဖောက်ခြိမ်းခြောက်ခဲ့ခြင်း ၊ တဲအိမ်မီးရှို့ဖျက်ဆီးခဲ့ခြင်း ၊ ရိုက်နက်ခဲ့ခြင်းဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ဖြစ်ရပ်ကြောင့် ပြည်သူများအကြားစိုးရိမ်ကြောက်ရွံ့မှုများဖြစ်ပွားစေခဲ့သည်ဟုဦးစိုင်းသန်းရွှေကပြောသည်။
"ရိုက်ပုတ်မှုဖြစ်သွားခဲ့တယ်။ သူ့ယောကျင်္ားရဲ့ နံရိုးမှာအပေါက်ပေါက်သွားတယ်။" ဟုဦးစိုင်းသန်းရွှေကပြောသည်။
ထိုကိစ္စရပ်များနှင့်ပတ်သက်၍ လူထုအခြေပြုငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးနွေးခဲ့ကြ သည်။
အကြောင်းမှာဖားဆောင်းမြို့နယ်နှင့် မယ်စဲမြို့နယ်ကားလမ်းမကြီးဘေးများတွင်ရှိသောမြေယာများသည် က.လ.လ.တအဖွဲ့၏ မြေဖြစ်သဖြင့် ကျူးကျော်လာခြင်းဖြစ်သည်ဟုဆိုကာတဲအိမ်ဆောက် နေသည့် မိသားစုအားထိုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
၎င်းလမ်းမကြီးသည် ယခုအခါ နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးဖြစ်လာသည့်အတွက် မြေကွက်များကိုအလုအယက် ပိုင်ဆိုင်ရန် အာဏာရှိသူများကလက်နက်ကိုင်အာဏာအလွှဲသုံးစားကာအပိုင်စီးထား ကြခြင်းဖြစ်သည်။
ယခင်ကထိုမြေများပေါ်တွင်လည်းမည်သည့်အရာမှမရှိခဲ့ပဲလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးများကလည်းနယ်မြေအလိုက်သတ်မှတ်ထားကြသည့်အတွက် ပဋိပက္ခဖြစ်လာမည်ကိုစိုးရိမ်နေကြရသည်။
ထိုကဲ့သို့ မြေယာပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကယခုလိုပဋိပက္ခဖြစ်နေသည့်အပေါ် တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထိခိုက်မည်ကိုစိုးရိမ်နေကြရသည်။
က.လ.လ.တအဖွဲ့သည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရဲစဲရေးသဘောတူညီမှု ရယူခဲ့သည့်အဖွဲ့ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားခဲ့ပြီးလက်ကျန်တပ်တချို့များသည်လည်းမိမိတို့ အဖွဲ့အတွင်းတွင် နယ်မြေအလိုက် လှုပ်ရှားနေကြခြင်းဖြစ်သည်။
ထိုအကြောင်းအရာများသည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထိခိုက်မည်စိုးရိမ်ရသောကြောင့် လက်နက်ကိုင်အဖွဲ့များအားလုံးအပြန်အလှန်ယုံကြည်လေးစားနားလည်မှုနှင့်အတူဘုံသဘောတူညီချက်များကိုရယူခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောအမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန် ဆိုပြီးလူထုအခြေပြုငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေငြာချက်ထဲမှာအချက်တစ်ချက်အဖြစ် ပါရှိပါသည်။
ထိုနှီးနှောဖလှယ်ပွဲတွင် မြို့နယ် (၇) မြို့နယ်မှ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူထုကိုယ်စားလှယ်ပေါင်း (၁၄၀)ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ကြေငြာချက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ကယား(ကရင်နီ)ပြည်နယ်သည် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တစ်ပေါင်းတစ်စည်းတည်းပါဝင်ပြီးကရင်နီလူမျိုးစုများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် လူမှုစီးပွားရေးတို့ကိုအာမခံချက် အပြည့်အဝပေးနိုင်သည့် ပြည်နယ်တစ်ခုအဖြစ် ဖော်ဆောင်သွားရန်
၂။ ၂၁ ရာစုုပင်လုံညီလာခံဖော်ဆောင်ရာတွင် ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်များပါဝင်နိုင်ရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်ဆွေးနွေးတင်ပြချက်များအားအလေးအနက်ထားထည့်သွင်းဆွေးနွေး ခွင့်ပေးရန်
၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီမိုကရေစီစံချိန်စံနှုန်းနှင့်အညီ ပြန်လည်ပြင်ဆင်ရာတွင် “ကျား၊ မ” တန်းတူရေးကိုအပြည့်အဝအာမခံချက်ပေးနိုင်မည့် ဥပဒေတစ်ရပ် သတ်မှတ်ပြဋ္ဌာန်းပေးရန်။
၄။ ပညာရေးစနစ်တွင် နိုင်ငံသားများ နိုင်ငံရေးအသိအမြင် နိုးကြားစေမည့် သင်ရိုးညွှန်းတမ်းများကိုထည့်သွင်း ပြဋ္ဌာန်းသင်ကြားပေးရန်
၅။ လက်နက်ကိုင်အဖွဲ့များအားလုံးအပြန်အလှန်ယုံကြည်လေးစားနားလည်မှုနှင့်အတူဘုံသဘောတူညီချက်များကိုရယူခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောအမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်။
၆။ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူထု၏ အသိအမြင်နှင့်ပါဝင်မှုကို မြှင့်တင်နိုင်မည့် ငြိမ်းချမ်းရေး ရုပ်သံလိုင်းအစီအစဉ်တစ်ခုထား ရှိရန်။
၇။ ပြည်နယ်နှင့် ဒေသဆိုင်ရာအဆင့် ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ပြုလုပ်ရာတွင် ရပ်ကျေးအဆင့်မှ ကိုယ်စားလှယ်များပါဝင် တက်ရောက် ဆွေးနွေးနိုင်သည်အထိအခွင့်အလမ်းများပေးရန်
၈။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများပါဝင်သည့် လွတ်လပ်ပြီးစနစ်ကျသောအရပ်သားစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်တစ်ခုကိုအသိအမှတ်ပြုပေးရန်နှင့် ၄င်းတို့၏ လုံခြုံရေးကိုအာမခံချက် အပြည့်အဝပေးရန်
၉။ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို မြင့်တင်ပေးရန်အတွက် မိခင်ဘာသာစကားဗဟိုုပြု ကျောင်းသင်ရိုးညွှန်းတမ်းများ ထည့်သွင်းသင်ကြားနိုင်စေရေးလုပ်ဆောင်ပေးရန်
၁၀။ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ် အဆင့်တိုင်းတွင် အမျိုးသမီးများအနည်းဆုံး (၃၀) ရာခိုင်နှုန်းဖြင့် အဓိပ္ပါယ် ပြည့်ဝစွာပါဝင်နိုင်ရန် လိုအပ်သည့်အပြင် ယာယီအထူးလုပ်ဆောင်ချက်ကိုလည်းအလေးထားဆောင်ရွက် ပေးရန်
၁၁။ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဌာနေလူထုလက်ခံမှုသဘောထားနှင့်အညီအကောင် အထည်ဖော်ဆောင်ရန်
၁၂။ ပြည်တွင်းရွေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို ပြန်လည်နေရာချထားခြင်းကိစ္စတွင် ၄င်းတို့၏ လုံခြံုရေး၊ ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မြေယာပိုင်ဆိုင်မှုများကိုဓလေ့ထုံးတမ်းများနှင့်အညီစနစ်တကျ ဖော်ဆောင်ပေးရန်
၁၃။ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်နိုင်မည့် စီမံကိန်းများ၊ အခွန်ကောက်ခံမှုများနှင့် မြေယာသိမ်းဆည်းမှုများမရှိစေရေးအလေး ထားဆောင်ရွက်ရန်
၁၄။ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုအရပ်ဘက် တရားခုံရုံးတွင် အရေးယူပေးရန်တို့ဖြစ်ပါသည်။







