အစိုးရ ‘ရက် (၁၀၀) စီမံကိန်း’ ခေတ္တ ဆိုင်းငံ့ရန် ကချင်အမျိုးသားများ တောင်းဆို

အစိုးရ ‘ရက် (၁၀၀) စီမံကိန်း’ ခေတ္တ ဆိုင်းငံ့ရန် ကချင်အမျိုးသားများ တောင်းဆို
by -
ကေအဲန်ဂျီ
အစိုးရ အဖွဲ့သစ် ၏ “ရက် (၁၀၀) စီမံကိန်း” ခေါ် “ရွှေ့ပြောင်း အလုပ်သမားများနှင့် အခြေချသူများအား အိမ်ထောင်စု စာရင်း ထုတ်ပေးခြင်း” စီမံချက်ကို ခေတ္တဆိုင်းငံ့ထားရန် ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ (WMR) မှ ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို ဇွန် ၂၀ ရက်စွဲဖြင့် တောင်းဆို လိုက်သည်။

၂၀၁၁ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တစ်ကျော့ပြန် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်သည် မိမိနေရပ်စွန့်ခွာကာ စစ်ပြေးဒုက္ခသည် စခန်းများမှာ တိမ်းရှောင် နေရဆဲ အခြေအနေဖြစ်သည်။

ယင်း အခြေအနေ ကချင်ပြည်နယ်တွင်း ၀င်ရောက်လာသော ရွှေ့ပြောင်း အလုပ်သမားများ၊ လူသစ်များကို အိမ်ထောင်စု ထုတ်ပေးခြင်း၊ မြေနေရာ ဖော်ထုတ် ပေးခြင်းနှင့် မြေဂရံများ ထုတ်ပေးခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်စေမည့် အပြင် အစိုးရမှ ဖော်ဆောင်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိုပင် ယုံကြည်မှု ပျက်ပြား စေနိုင်ကြောင်း ကချင်အမျိုးသားများ ကိုယ်စားပြု ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) က ဆိုထားသည်။

ထို့အပြင် ပြည်ထောင်စု အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ယခု “ရက် (၁၀၀) စီမံကိန်း” ကို တိုင်းရင်းသား ဒေသ အသီးသီး က နို်င်ငံရေးပါတီများ ကလည်း ကန့်ကွက်ခဲ့ကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “နိုင်ငံရေးအရ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲများ၌ ဒေသခံတိုင်းရင်းသားတို့၏ အသံများ မကြားရတော့ဘဲ ရွှေ့ပြောင်းလုပ်သားများ၏ အသံများသာ ကြားလာနိုင်သဖြင့် မူလ တိုင်းရင်းသားများ အသံ ပျောက်ကွယ်သွားကာ တိုင်းရင်းသားကိုယ်စားပြုမှု ဆုံးရှုံးသွားနိုင်ပြီး၊ တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်ကိစ္စကို ရိုက်ခတ်လာနိုင်သည်” ဟု ဇွန်လ (၁၅)ရက် ဧရာဝတီ သတင်းဌာန ကို ပြောခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ၏ “ရက် ၁၀၀ စီမံကိန်း” ကို မေလမှ စတင်၍ ဇူလိုင်လ ကုန်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းတွင် “ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို အိမ်ထောင်စု စာရင်း ထုတ်ပေးမည့် အကြောင်း” ပါရှိသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...