ဘုရားသုံးဆူနယ်စပ်ဂိတ် ဖွင့်လှစ်ရေး ပုစ္ဆာ

ဘုရားသုံးဆူနယ်စပ်ဂိတ် ဖွင့်လှစ်ရေး ပုစ္ဆာ
by -
ဟင်္သာမီဒီယာ
နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ကုန်သွယ်မှု တိုးမြှင့်ရေးတို့ အတွက် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု နီးပါးရှိ ပြီဖြစ်သည်။

ထိုနယ်စပ်ဂိတ်ဖွင့်လှစ်ရန် မြန်မာ နှင့် ထိုင်း တာဝန်ရှိသူအချို့ အကြိမ် အကြိမ်ဆွေးနွေးခဲ့သည်။ သို့သော် အစိုးရ နှစ်ဆက်ပြောင်းခဲ့သော်လည်း ယနေ့ထိ ဖြစ်မလာခဲ့ပေ။

ယင်းနယ်စပ်ကို ဖွင့်လှစ်ရန် ပုစ္ဆာ များစွာရှိသည့် အနက် နက်နဲသော ပုစ္ဆာတစ်ခုမှာ ယခုအချိန်ထိ နယ်စပ် မျဉ်းကို တရားဝင် သတ်မှတ်၍ မရသောကြောင့် ဖြစ်သည်။

အဆိုပါ အခက်အခဲ နှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းတရားရေး ဝန်ကြီး ဌာနဝန်ကြီး ယခင် ထိုင်းတပ်မတော် အမှတ် (၁) စစ်ဒေသ၏ စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး ဖိုင်ဗုန် ခွန်ချိုင်ယာကမှု “ကျွှန်တော်တို့ ထိုင်းမြေပုံ ဆွဲထား ချက်အရ ဘုရား သုံးဆူဟာ လက်ညှိး သဏ္ဍာန် လုံးဝန်း ရှည်လျားပြီး တည်ရှိ နေပါသည်၊ မြန်မာ ဘက်က အတည်ပြု ပြောဆို နေတဲ့ မြေပုံကတော့ လုံးဝန်း ရှည်လျားတဲ့ လက်ညှိုးပုံ မဟုတ်ပဲ တြိဂံပုံ ရှိပါတယ်။ ဒီပြဿနာ ကြောင့် အခုထိ နယ်စပ် မျဉ်းကို တရားဝင် သတ်မှတ်လို့ မရသေး ပါဘူး” ဟု ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လအတွင်း ကပြောဆိုထားသည်။

ယင်းကိစ္စက ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို တရားဝင် ဂိတ်အဖြစ် သတ်မှတ်ပြီး ဖွင့်ပေးဖို့ အတွက် အဓိက ကျတဲ့ အခက်အခဲ တခု ဟု သူကဆိုသည်။

ထို အချိန် က ဗိုလ်ချုပ်ကြီး ဖိုင်ဗုန်ဟာ နယ်စပ်ကို လာရုံမျှ မကပဲ နေပြည်တော်နဲ့ မွန်ပြည်နယ် ကိုပါ လာရောက် ခဲ့ပြီး နယ်စပ်ဂိတ် ဖွင့်ရေး ကိစ္စ ဆွေးနွေး ခဲ့သော်လည်း  ယခု ၂၀၁၆ ရောက်သည့်တိုင် ပြောင်းလဲမှု မရှိပဲ ပိတ်မြဲ ပိတ်ထားသော  ဘုရားသုံးဆူ ထိုင်း-မြန်မာ နယ်စပ် တံခါးကို မြင်ရဆဲဖြစ်သည်။

ဘုရား သုံးစူနယ်စပ်ဂိတ်သည်ကား  အခြား ထိုင်းမြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များဖြစ်သော  နာမည်ကျော်  မြဝတီ-မဲဆောက်ဂိတ်၊ တာချီလိတ်-မယ်ဆိုင် ဂိတ်များ ကဲ့သို့ နာမည် ကျော်ကြားမှု မရှိ သော်လည်း သမိုင်းအစဉ်အရ ကျော်ကြားမှုများ ရှိခဲ့သည်။

ယင်းနယ်စပ်ဂိတ်ကို ဘုရားသုံးဆူ တောင်ကြားလမ်းနဲ့ နယ်စပ်ဂိတ်ကိုတော့ သေမင်တမန် ရထားလမ်းနဲ့ ယှဉ်ပြီး ရာဇဝင်မှာ လူသိ များခဲ့ကြသည်။

ပိတ်ထားသော  နယ်စပ်ဂိတ် တံခါး ကြီးနဲ့ (၁၀) ကိုက်သာသာ အကွာတွင်  “ဘုရားသုံးဆူ” လို့ တင်စား ပြောကြားတဲ့ တကယ့် စေတီ သုံးဆူကို မြင်တွေ့ ရမည် ဖြစ်သည်။

ထိုသို့ နာမည်ကျော်ဇောမှု ရှိခဲ့သော် လည်း ယခုအခါတွင် ယင်းနယ်စပ်ဂိတ်တံခါးကား ပိတ်ထားဆဲ ဖြစ်သည်။

ထိုသို့ နာမည်ကျော် ဘုရား သုံးဆူ နယ်စပ် တံခါး ပိတ်ထားသည့် အကြောင်းကို ဘုရားသုံးဆူ မြို့ခံ တစ်ဦးက  ယခုကဲ့သို့ အရွှန်း ဖောက်ပြောဆိုဖူးသည်။  

“ ခင်းဗျားတို့ ကောင်းဘွိုင်ကား ကြည့်ဖူးတယ် ဟုတ်လား၊ အဲဒီမှာ စားသောက်ဆိုင် တွေမှာ ကောင်းဘွိုင် ဝင်ချင်ရင် တံခါးကို တွန်းပြီး ဝင်တယ်၊ တံခါးကို ခေါက်နေ လို့တော့ လာဖွင့် ပေးမယ့်လူ မရှိဘူး၊ တွန်းဝင် သွားပြီးရင် တံခါးက သူ့အလိုလို ပြန်ပိတ် သွားတာပဲ၊ ကျွှန်တော်တို့ သုံးဆူ နယ်စပ် ဂိတ်ကလည်း အဲလိုပဲဗျ” ဟူ၍ သူ ကဆိုသည်။

ယင်နယ်စပ်ဂိတ်တရားဝင် မဖွင့် သေးသော်လည်း  “အပေးအကမ်းတွေနဲ့ ပိတ်ထားတဲ့ တံခါးကို လူမသိ သူမသိ ဖွင့်တဲ့ အချိန်တွေ ရှိနေတယ်” ဟု အဆိုပါ ဒေသခံကဆိုသည်။

သုံးဆူ နပ်စပ်ဂိတ်သည်ကား အမည်ခံ ပိတ်ထားသော်လည်း ထိုင်းဘက်က ကုန်စည်များ ရောင်းချမှုကား နေ့စဉ် တွေ့မြင် နေရသည်။

ထိုင်း ကုန်များက မြန်မာ ဘက်ခြမ်း တွင် ဒီဇယ်ဓါတ်ဆီ အစရှိသော မရှိမဖြစ် စက်သုံးဆီများကအစ စားသောက် အဆုံးလာရောက် ရောက်ရောင်း ခြနေကြောင်း ယင်းဒေသခံများက ပြောဆိုသည်။

“ထိုင်းက လောင်စာဆီ ကားတွေ ဘုရားသုံးဆူ မြန်မာ ဘက်ခြမ်း ဆင်းပြီး ဆီလာရောင်းချ ပေးတတ်တယ်၊ ဒါ့ပြင် အလည်အပတ် လာတဲ့ ထိုင်းနိုင်ငံသား ကားတွေ တရားဝင် ဂိတ်လမ်းကြောင်း ကသော်လည်ကောင်း တရားဝင် မဟုတ်တဲ့ ခိုးထွက်လို့ ရတဲ့ လမ်းကြောင်း တွေကသော် လည်းကောင်း မြန်မာ ဘုရားသုံးဆူ ဘက်ကို ရောက် ရောက်လာတတ်တယ်။” ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်းဂိတ်ကား ပိတ်ထားသော်လည်း အရောင်းအဝယ် ဖြစ်မြဲ ဖြစ်နေပြီး ထို ကုန်စည် တင်သွင်းမှုများ အတွက်မှု အခွန်စည်းကြပ်ခြင်းက လွတ်မြောက်နေသည်။

ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူ ဂိတ်ကို ၂၀၀၇ ခုနှစ် မတ်လ (၁၇) ရက်နေ့က မြန်မာဘက်မှာ ရှိတဲ့ DKBA တပ်မှ ထိုင်းနယ်ခြားစောင့် တပ်သား နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ယင်းနယ်စပ်ကို ပိတ်ပင်ရန် ထိုင်း ဘက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းနယ်ခြားစောင့်တပ်သား နှစ်ဦး ကိုတော့ DKBA ဘက်မှ တစ်လကြာ ထိန်းသိမ်း ခဲ့ပြီးနောက် မြန်မာ အာဏာပိုင်တွေက ဖိအားပေးလို့ မဲဆောက်မှာ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် နယ်စပ် ဂိတ်သည်ကား ယနေ့ထိ ပြန်မဖွင့် တော့ချေ။

ယင်းနောက်တွင်  ထိုင်းတာဝန်ရှိသူများ နယ်စပ်ဂိတ်ကို ပြန်ဖွင့်နိုင်ရန်  ညှိနှိုင်း ခဲ့သော်လည်း ၂၀၀၇ ခုနှစ် မှ  စပြီး ယနေ့ အထိ တရားဝင် ဖွင့်လှစ် နိုင်သေးခြင်း မရှိပဲ အခွန်စည်းကြပ်မှုမဲ့ ကုန်စည်များသာဆက်လက်  စီးဆင်း နေပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်၍ အလုပ်လုပ် ကိုင်သူများသာ သွားလာ ဖြတ်သန်း သွားလာ နေကြသည်။

ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့၏ ထိုင်းဘက်ခြမ်းတွင် စက်ရုံ အလုပ်ရုံပေါင်း (၅၀) ခန့်ရှိပြီး ယင်းစက်ရုံများ တွင် အလုပ်လုပ်ကိုင်နေကြသော  နေ့စား ၊ လစား မြန်မာ အလုပ်သမားပေါင်း ပျှမ်းမျှ (၄၀၀၀) ကျော် လည်း ပုံမှန်ဖြတ်သန်းနေသည်။

ပိတ်ထားသော ထိုနယ်စပ်ဂိတ်တွင်ကား အလုပ်သမားများ နေ့တိုင်း ဖြတ်သန်း ကြသည်။ နယ်စပ်ဂိတ်မပိတ်ခင် မြန်မာ ဘက်ခြမ်းသို့ပြန်ရသည်။ အိုဗာတိုင် ဆင်းရသည့်ရက်များတွင်မှု ထိုင်းအာဏာပိုင်များနှင့်  မြန်မာ အာဏာပိုင်များ နားလည်မှု ညှနိူင်းပြီး ထိုင်းနယ် ထဲကနေ မြန်မာ နယ်ထဲ ပြန်ပို့ပေးရန် အလုပ်ရှင်များက တာဝန် ယူ ရသည်။

ဘုရားသုံးဆူ နယ်စပ်ဂိတ် ဖွင့်ခြင်း ပိတ်ခြင်းသည်ကား  အလုပ်သမားတွေ အတွက် တိုက်ရိုက် အချိုးကျမှု ရှိနေသည်။ထို့အ့ပြင် စီးပွားရေး လုပ်ငန်းရှင်များ ကလည်း ဖွင့်ရန်လိုလားနေကြသည်။သို့သေည် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖွင့်ရန် နယ်စပ်မျဉ်း သတ်မှတ်ရေး ပြသနာ အပြင် အခြား ပြဿနာ တခုလည်း ရှိနေသေး သည်။

“တဖက်မှာ မြန်မာအတွက် အကျိုးစီးပွား ရှိသလို၊ တဖက်မှာ ဒီဒေသ အခြေ စိုက်တဲ့ တိုင်းရင်းသား တပ်တွေ အများကြီး ရှိပါတယ်၊ ဒီနယ်မြေဟာ အစိုးရ ထိန်းချုပ်မှု အာဏာ သက်ရောက်မှု အားနည်းတယ် ဆိုတော့ အကျိုးအမြတ် တွေဟာ တိုင်းရင်းသား တွေဆီသာ ရောက်ရှိ နေကြတဲ့ အနေ အထားပါ၊ ဒါကို အစိုးရက ထိန်းချုပ် ချင်ပုံလည်း ရတယ်” ဟု ၂၀၁၄ ခုနှစ် တုန်းက ထိုင်း အမှတ် (၁) စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး ဖိုင်ဗုန်နဲ့ အတူပါလာခဲ့တဲ့ စူရေစီ တပ်မခေါ်၊ တပ်မ (၉) ရဲ့ တပ်မမှူး ဗိုလ်ချုပ် ဖိုင်းလစ် ထောင်းမာအင် ပြောဆိုထားသည်။

ယင်းကိစ္စသည်လည်း နယ်စပ်ဂိတ် ဖွင့်လှစ်ရေးအတွက် နှစ်ဖက် အစိုးရ တို့အကြား ပြန်တွက်ရမည့် ပုစ္ဆာ တစ်ခု ဖြစ်သည်။

ဘုရား သုံးဆူနယ်စပ်ကို နှစ်ဖက်အစိုးရက ပိတ်ထားစေကာမှု  ပုံမှန် အတိုင်း  ဖြတ်သန်းနေသော အလုပ်သမားများ ဖြတ်သွားကြဆဲ၊ ပိတ်ထားသော်လည်း  ဖွင့်ထားတဲ့ နားလည်မှု လမ်းကြောင်းများက ကုန်စည် စီးဆင်းနေဆဲ၊ သွားလာ ဖြတ်သန်း လည်ပတ်မှု ရှိနေဆဲပင်ဖြစ်နေသည်။

မည်သို့ပင် ဆိုစေ ဒီနယ်စပ်ဂိတ်ကို တရားဝင် နယ်စပ်ဂိတ် အဖြစ် သတ်မှတ်ပြီး နယ်စပ်မျဉ်း အခိုင်အမာ သတ်မှတ်နိုင်ရန် နှင့် အခြား ပြဿနာများကား ထိုင်း - မြန်မာ အစိုးရ နှစ်ရပ် တွက်ထုတ်ရမည် ပုစ္ဆာများ ပင် ဖြစ်သည်။

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...