ကချင်စစ်ပြေးဒုက္ခသည် ကျေးရွာများသို့ တရုတ်စိုက်ပျိုးရေးကုမ္ပဏီများ ဝင်လာ

ကချင်စစ်ပြေးဒုက္ခသည် ကျေးရွာများသို့ တရုတ်စိုက်ပျိုးရေးကုမ္ပဏီများ ဝင်လာ

မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ စစ်ပြေးဒုက္ခသည်များ၏ ကျေးရွာများတွင် တရုတ်စိုက်ပျိုးရေးကုမ္ပဏီများ ဝင်ရောက်လာမှုကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

ဝိုင်းမော်မြို့နယ် ရွေညောင်ပင်၊ ဂါးရာယန်၊ ကဇူး၊ ဒဘတ်ယန် စသည့် စစ်ရှောင်များ၏ နယ်မြေများတွင် ဒေသခံများ၏ ခွင့်ပြုချက် မရဘဲ ကုမ္ပဏီမှ မြေတိုင်းခြင်း ပြုလုပ်လာခြင်း ဖြစ်သည်။

 

ထိုသို့ စစ်ရှောင်များ၏ ကျေးရွာများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေး ဝိုင်းမော်ဆမားဒေသခံများ ဖွဲ့စည်းထားသည့် မြေယာ ကာကွယ်ရေး အဖွဲ့မှ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ အောက်တိုဘာ ၁၃ ရက်နေ့က စာရေးသားတောင်းဆိုထားကြောင်းလည်း သိရသည်။

 

စစ်ရှောင်များ နေရပ် မပြန်နိုင်သေးသရွေ့ မိမိတို့ ဒေသကို မည်သည့် ကုမ္ပဏီကိုမှ ဝင်ရောက် လုပ်ကိုင်ခြင်း မပြုစေလိုကြောင်း ဒေသ ဆမားဒေသ မြေယာကာကွယ်ရေး အဖွဲ့ အတွင်းရေးမှုး ဦး ဒိန်ဆီးဆိုင်း က ယခုလိုပြောသည်။

 

“ကျနော်တို့ စစ်ရှောင်စခန်းမှာဘဲ ရှိသေးတယ်။ နေရပ်မပြန်နိုင်သေးဘူး။ ဒါ့အပြင် ဒီငှက်ပျောခြံဆိုတာ ဓါတ်မြေသြဇာ ပိုးသတ်ဆေး အဆမတန် သုံးထားတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေတယ်။ အဘက်ဘက်က စဉ်းစားရင်လည်း ကျနော်တို့ဒေသ မြစ်ချောင်း၊ အင်းအိုင် ညစ်ညမ်းပြီး ပျက်စီးမယ်။ နွားတိရစ္ဆာန် စားကျက်တွေ ဓါတုဆေးကြောင့် ပျက်စီးမယ်။ ပြီးတော့ ကျနော်တို့ ဒေသကို ကျနော်တို့ မရှိခင် သူတပါး နေရာယူလိုက်မှာ မလိုလားဘူး။”

မျိုးဆက်ကြယ်ပွင့်၊ ဖူးပြည့်လျံနှင့် ကျိန်ရှင်း စသည့် ကုမ္ပဏီများက ငှက်ပျောခြံ ၊ ဖရဲခြံများ စိုက်ပျိုးရန် မြေ ၁ ဧက ကို ကျပ် တစ်သိန်း ရှစ်သောင်းခန့် ၁ နှစ် ဖြစ်ပြီး နောက်ထပ် ၃ နှစ် အထိ ထပ်မံငှားရမ်းရန် စည်းရုံးမှု ရှိနေကြောင်း သိရသည်။

 

ကုမ္ပဏီထံ မြေငှားရမ်းရန် သဘောတူသည့် မြေယာပိုင်ရှင် အချို့ ရှိနေပြီး မြေယာကာကွယ်ရေး အဖွဲ့က ၄င်းတို့နှင့် တွေ့ဆုံညှိနှုုိင်း ကြိုးစားသော်လည်း ကုမ္ပဏီက နာမည် လျှို့ဝှက်ထားပေးသည်ဟု ဆိုသည်။

 

ဂါးရာယန်၊ ကဇူး၊ ဒဘတ် စသည့်ကျေးရွာများသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြား တိုက်ပွဲကြောင့် ၂၀၁၁ မှ စပြီး မြစ်ကြီးနားမြို့နှင့် တရုတ်နယ်စပ် စစ်ပြေးဒုက္ခသည် စခန်းများ တွင် ခိုလှုံနေကြသည်။

 

ယခုချိန် ကုမ္ပဏီများ မိမိတို့ကျေးရွာကို ဝင်ရောက်လာခြင်းကြောင့် စိုးရိမ်မှု ပြင်းပြနေသည့် စစ်ပြေးဒုက္ခသည်များက လာမည့် နွေရာသီနေရပ် ပြန်နိုင်ရေး ကြိုးစားနေကြသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...