ဘိန်း ဖျက်ခံ ကျေးရွာများကို အသင်းတော်မှ အကူအညီ ပေး

ဘိန်း ဖျက်ခံ ကျေးရွာများကို အသင်းတော်မှ အကူအညီ ပေး
by -
ကေအဲန်ဂျီ
ယခု နှစ်ဆန်းပိုင်း ဝိုင်းမော်မြို့နယ် ဘိန်းခင်း ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာအချို့အား လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ဝိုင်းမော် ခရစ်ယာန် ဂိုဏ်းပေါင်းစုံအဖွဲ့မှ ယမန်နေ့က ရှငေါ် ကျေးရွာ (Shangaw Mare) တွင် စုပေါင်း ပေးအပ်ခဲ့သည်။

၄င်း အကူအညီမှာ လွန်ခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ က ဘိန်းခင်း ဖျက်ဆီးခံခဲ့ရသည့် ကန်ပိုင်တီမြို့နယ်ခွဲ ရှမ်းဂျူး (Shan Ju)၊ ချောင်းမော (Chang Maw)နှင့် လုံဇာ ကျေးရွာ (၃)ခု အတွက် ရှငေါ်ကျေးရွာ ကချင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော် မြို့နယ် ကချင် ခရစ်ယာန် ဂိုဏ်ပေါင်းစုံအဖွဲ့၏ အကူအညီဖြစ်သည့် ဆန်အိတ် ၂၀၀၊ စားဆီ ၂၀၀ ပိဿာ၊ ဓါတ်ဆီ ၂ ပေပါ နှင့် ၄င်း ကျေးရွာ ၃ ခုရှိ မူလတန်းကျောင်း ၃ ခုအတွက် ငွေကျပ် သုံး သိန်း တို့ကို ဝိုင်းမော်မြို့နယ် လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ကိုယ်စားများ သွားရောက် ပေးအပ်ခဲ့သည်။

“ဘိန်းခင်း ဖျက်ဆီးပေးလိုက်လို့ ကူညီတာ မဟုတ်ဘဲ ခရစ်ယာန် ဂိုဏ်းပေါင်းစုံက လူသားချင်း စာနာမှုအဖြစ် ကူညီတာ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့တော့ ဝမ်းပန်းသာသာနဲ့ လက်ခံသင့်တယ်လို့ ထင်တယ်” လို့ ရှငေါ် (Shangaw) ရွာလူကြီး ဦးထွန်းမြင့် က ပြောသည်။

ထို့အပြင် ဒေသခံများက အကူအညီ လိုအပ်သေးကြောင်း တောင်းဆိုလာပါက ကူညီပေးရန် ထပ် စဉ်းစား ပေးမည့်အကြောင်း ယခု ခရီးတွင် လိုက်ပါ ဦးဆောင်သည့် ဝိုင်းမော်မြို့နယ် လူထု မူးယစ် တိုက်ဖျက်ရေး ကော်မတီ ဒုက္ကဋ္ဌ သင်းထောက် ဆောင်ရော် (Hpungtau Sau Yaw) က ပြောသည်။

အကူအညီပေးရေး ခရီးကို မေလ ၃၀ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှုး ထောက်ခံစာဖြင့် တစ်ကြိမ် တက်လာခဲ့သော်လည်း နယ်လုံဝန်ကြီး၏ ထောက်ခံစာ မပါသည့်အတွက် လမ်းကွေ့ အစိုးရ ဂိတ်က မဖြတ်ခိုင်းသည့်အတွက် ပြန်ခေါက်ခဲ့ရကြောင်း သင်းထောက် ဆောင်ရော် က ထပ်ပြောခဲ့သည်။

ယခု ခရီးစဉ်တစ်လျောက် အစိုးရ တပ်မတော်သားများ၊ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များလည်း အကူအညီပေးရေးအဖွဲ့ကို လိုက်ပါ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော် ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့တွင် ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော်၊ အေဂျီ အသင်းတော်၊ လော်ဝေါ် အသင်းတော်၊ ရိုမန်ကတ်သလစ်နှင့် အိုင်စီအမ် အသင်းတော်များ ပါဝင်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...