ပြည်သူ့စစ် အဖွဲ့၏ မြေသိမ်းမှု ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြား

ပြည်သူ့စစ် အဖွဲ့၏ မြေသိမ်းမှု ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြား
by -
ကေအဲန်ဂျီ
မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု၊ ဒွမ်ဂန် ရွာသားများ လုပ်ကိုင်စားသောက်နေသည့် ယခင် ၄င်းတို့၏ ရွာဟောင်း မုတ်ရင်ရွာရှိ ခြံမြေများကို ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့မှ မတရား သိမ်းဆည်းမှုများ ပြုလုပ်လာသဖြင့် ယင်းကိစ္စ အရေးယူပေးရန် ရွာသားများ က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ယခုလ ဇွန် ၁၀ ရက်နေ့ တိုင်ကြားခဲ့သည်။

ဧရာဝတီမြစ် အရှေ့ဘက် ဝိုင်းမော်မြို့နယ် နောင်းခရိန်း (Nawng Hkying) ကျေးရွာအုပ်စု မုတ်ရင်ရွာ (Muk Yin kahtawng) သည် ၁၉၇၈ ရွာ ပျက်ခဲ့သဖြင့် ရွာသားများ ဒွမ်ဂန်ရွာ (Dum Gan kahtawng)တွင် ပြောင်းရွေ့ခဲ့သော်လည်း ယခုထိ ရွာဟောင်းတွင် ကိုယ်ပိုင်ခြံကွက်ဖြင့် ရာသီပေါ် ဝါး၊ ဒညှင်း၊ ကျွန်းပင်၊ ငှက်ပျောပင်၊ ကြက်မောက်ပင် စသည့်အပင်များ စိုက်ပျိုးထားကြောင်း ဆိုပါသည်။

၂၀၀၇ ကတည်းပင် ဦးမုတ်ရင်ဒေါင်ဂျုံး (Slg. Muk Yin Dau Gyung)နှင့် ဦးအူဂျိုနော် (Slg. U Ju Naw) ဆိုသူတို့နှစ်ဦး ဦးဆောင်ကာ မြေကွက်များကို မတရား သိမ်းဆည်းပြီး မြေယာဝယ်သူများထံ ရောင်းချပေးရန် စီစဉ်ခဲ့ဖူးကြောင်း သိရသည်။

သို့သော်လည်း ဇွန် ၄ ရက်၊ ၂၀၁၆ ရက်စွဲဖြင့် အစိုးရ သစ္စာခံ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် မုတ်ရင် (Muk Yin) ရွာလူကြီး ဦးချန်းဘောမ် (Slg. Chang Bawm) တို့ ပူးပေါင်းပြီး မုတ်ရင်ရွာ (Muk Yin kahtawng) ရှိ ခြံမြေ အားလုံးကို သိမ်းဆည်းလိုက်ကြောင်း နှုတ်ဖြင့် ကြေညာထားသည် ဟု ဝန်ကြီးချုပ်ထံ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဒွမ်ဂန် (Dum Gan) ရွာသား ဦးလဆိုင်း (Slg. La Seng) ကိုလည်း ၄င်း၏ မုတ်ရင်ရွာ (Muk Yin kahtawng) ရှိ ခြံမြေကို ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့ ကို ပေးရန် ခြိမ်းခြောက်ပြီး ဝန်ခံ လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း လည်း ပြောသည်။

ဦးမုတ်ရင်ဒေါင်ဂျုံး (Slg. Mu Yin Dau Gyung)နှင့် ဦးချန်းဘောမ် (Slg. Chang Bawm) တို့သည် ပြည်သူ့စစ် အဖွဲ့နှင့် ပူးပေါင်းပြီး ရွာသားများ၏ ခြံမြေများကို သိမ်းယူနိုင်ရန် ခြိမ်းခြောက်ခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့ကြောင်းလည်း ဆိုထားသည်။

ယခု တိုင်ကြားချက်ကို မုတ်ရင် (Muk Yin) ခြံမြေ ပိုင်ရှင် ရွာသား (၁၉)ဦးမှ လက်မှတ်ရေးထိုး လျှောက်ထားခြင်း ဖြစ်ပြီး ကချင်ပြည်နယ် အစိုးရမှ တစ်စုံတစ်ရာ အရေးယူ လုပ်ဆောင်လာခြင်း မရှိသေးကြောင်း သိရသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...