သူငယ်တန်း KG ကော်ဇောခင်းရန် နှီးပဒေါအမက(၂) ကျောင်းသားမိဘထံမှငွေကောက်ခံ

သူငယ်တန်း KG ကော်ဇောခင်းရန် နှီးပဒေါအမက(၂) ကျောင်းသားမိဘထံမှငွေကောက်ခံ
နှီးပဒေါ အမှတ် (၂) အမက ကျောင်းသူ/သားများ(MNA)
နှီးပဒေါ အမှတ် (၂) အမက ကျောင်းသူ/သားများ(MNA)
မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်း၌ အစည်းအဝေးခေါ်ပြီး သူငယ်တန်း (KG) အတွက် ကော်ဇောခင်းရန် ငွေကြေးကောက်ခံနေကြောင်း ကျောင်းသားမိဘများက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

နှီးပဒေါရွာသူ ဒေါ်ခင်ညွန့်က “သူငယ်တန်း KG ကလေးတွေ ထ်ိုင်ဖို့အတွက် ကော်ဇောဆိုပြီး ကျမတို့ကို အစည်းအဝေးခေါ်ပြီးတော့ ကလေးတစ်ယောက် ၂ ထောင်ထည့်ရတယ်၊ မြေးလေးလည်း ဒီကျောင်းမှာနေနေတယ်ဆိုတော့ ပြောမှာကြောက်လို့ ထည့်လိုက်ရတယ်” ဟုပြောသည်။

ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူ အားလုံးကို မည်သည့် အခကြေးငွေမှ ကောက်ခံခြင်း မပြုရ၊ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေး/ လက်ဆောင် ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်း မပြုရ၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ် နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်း မပြုရန် နှင့် အခြားမည်သည့် ကိစ္စကိုမှ ရောင်းချခြင်း မပြုရဟု ထုတ်ပြန်ထားသည်။

နှီးပဒေါရွာသူ ဒေါ်အုန်းနွဲ့ က “ သူငယ်တန်း (KG) အတွက်ဆို အခမဲ့ ကျောင်းဝတ်စုံတစ်စုံ၊ နောက် ဘာကြေးမှ မကောက်ရဘူးဆိုပြီး ကျောင်းပြင်မှာ စာကပ်ထားတယ်တာတွေ့တယ်၊ ကျောင်းဖွင့်တာမကြာသေးဘူး ပိုက်ဆံကောက်တယ်ဆိုတော့ ကျမက မပေးဘူးပေါ့၊ သိတဲ့မိဘတွေကျတော့ မပေးဘူး၊ မသိတဲ့သူကျတော့ ပေးတယ်ပေါ့နော်” ဟုပြောသည်။

မုဒုံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် ကျောင်းသားအရေအတွက်ကိုကြည့်ပြီး  ပညာသင်နှစ် တစ်ဝက်တွင် ကျောင်းထောက်ပံ့ကြေး  ၅ သိန်း ပေးထားကြောင်း၊ အဆိုပါ ကျောင်းထောက်ပံ့ကြေးတွင် လုပ်ငန်းသုံး၊ လုပ်အားခ၊ ငှားရမ်းခ၊  ခေါင်းစဉ်အလိုက်ခွဲပြီး ထောက်ပံ့ကြေးပေးထားသည့်အတွက် သူငယ်တန်း (KG) အတွက် လိုအပ်သည့် ပစ္စည်းများရှိပါက  ချိန်ဆပြီး ဝယ်နေရကြောင်း နှီးပဒေါရွာ အမှတ် (၁) အခြေခံပညာမူလတန်ကျောင်းအုပ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မုဒုံမြို့နယ် နှီးပဒေါရွာ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းအုပ်က “ကျောင်းက တမန်တလင်း ဖြစ်နေတယ်၊ ကလေးတွေ အေးမှာကြောင့်လို့ ကျောင်းသားမိဘတွေပဲ ကော်ဇောလှူထားတယ်၊ ဆရာမကြီးတို့က  ဘာမှမကောက်ပါဘူး၊  ဆရာမတို့ ကျောင်းသားမိဘတွေကို ခေါ်ပြီးတော့ လိုအပ်ချက်တွေ လှူပါလို့လည်း မပြောပါဘူး” ဟု ဆိုသည်။

ပြည်နယ် ပညာရေးမှူးရုံးအနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဦးရေ အလိုက်ကျောင်း ထောက်ပံ့ကြေး ပေးထားသော်လည်း သူငယ်တန်း (KG) အတွက် သင်ထောက်ကူပစ္စည်းမှလွဲ၍ ကျောင်း၏ လိုအပ်ချက်ဖြစ်သည့် နေရာထိုင်ခင်းအတွက် ထောက်ပံ့ကြေး မပါရှိကြောင်း သိရသည်။

မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ ကောက်တဲ့ပုံစံမျိုးကိုတော့ ဆရာတို့ လုံးဝ လက်မခံဘူး၊ သူတို့ကိုယ်တိုင်လှူတယ်ဆိုရင် ပြီးသွားတာပဲပေါ့၊ နေရာထိုင်းခင်းအတွက် ကောက်တယ်ဆိုတာ  မိဘကနေ သူ့ဟာနဲ့သူလှူရင်တော့ လက်ခံလို့ရတယ်“ ဟု ပြောသည်။

ကျောင်းအပ်နှံရာတွင် သူငယ်တန်း (KG) အတွက် ကျောင်းဝတ်စုံတစ်စုံ (အခမဲ့)၊ မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ် ၆ အုပ် နှင့် ကျောင်းသုံးပြဌာန်းစာအုပ် တစ်စုံ၊ အလယ်တန်း နှင့် အထက်တန်း အဆင့်တွင် ကျောင်းသုံးပြဌာန်စားအုပ် တစ်စုံ၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ နှင့် စာကြည့်တိုက်ကြေး ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် အခမဲ့ပညာရေးစနစ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...