သင်ယူ လေ့လာ မွန်သင်ခန်းစာ

သင်ယူ လေ့လာ မွန်သင်ခန်းစာ
by -
ဟင်္သာမီဒီယာ
ဒီတစ်ပတ်မှာတော့  ဟင်္သာမီဒီယာရဲ့ စာဖတ်ပရိတ်သတ်တွေအတွက်  မွန်စာပေကို အရေး၊အဖတ် တတ်မြောက်အောင် အခွေကြည့်ရင်း အလွယ်တကူ သင်ယူနိုင်မယ့် မွန်စာသင် အခွေနဲ့မိတ်ဆက် ပေးချင်ပါတယ်။

မွန်စာသင်အခွေကို ၂၀၁၅ ခုနှစ် ဧပြီလမှာ Mon Education Group Online (MEG) အွန်လိုင်းမွန်ပညာ ထောက်ပံ့ရေးအဖွဲ့က မွန်စာကို မြန်မြန်တတ်မြောက်စေရေး၊ သင်တန်းမတက်ဘဲ မွန်စာကို အလွယ်တကူ လေ့လာသင်ယူနိုင်ရေး၊ မွန်စာလေ့လာနေသူများအထောက်အကူဖြစ်ရေးတို့အပြင် မွန်စာကို ရုံးသုံးစာအဖြစ် အသုံးပြုခွင့်ရလာရေးအစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ထုတ်ဝေခဲ့တာပါ။

"မွန်လူမျိုး မွန်စာတတ်မှ ရုံးသုံးစာအဖြစ်အသုံးပြုခွင့်ရလျှင် အထောက်အပံ့ဖြစ်လိမ့်မယ်။ ရုံးသုံးစာအဖြစ် အသုံးပြုခွင့်ရခဲ့ရင် မွန်လူမျိုးတွေ မွန်စာတတ်မြောက်မှုနည်းပါးလွန်းရင် အခက်အခဲဖြစ်လိမ့်မယ်"လို့ Mon Education Group Online (MEG)မှ ဆရာတော် အရှင်ဥက္ကံသ က ရှင်းပြပါတယ်။

မွန်စာကို အနည်းအကျဉ်း တတ်မြောက်သူများ၊ မွန်စာသင်ကြားပေးမည့် ကျောင်းဆရာလုပ်မည့်သူများနှင့် အခြားတိုင်းရင်းသားလူမျိုးများ မွန်စာကို လေ့လာသင်ယူရာတွင် အဆိုပါအခွေက အထောက်အပံ့ပေးနိုင်မယ်လို့ MEG အဖွဲ့ ကဆိုထားပါတယ်။

အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ထုတ်ဝေထားတဲ့ မွန်စာသင်အခွေမှာ မွန်စာပေကို အခြေခံ ဗျည်း၊သရမှစ၍ အသံထွက် ဖတ်နိုင်အောင် အစပြုလို့ထည့်သွင်းထားပြီး အခန်းပေါင်း ၄၅ ခန်းပါဝင်ပါတယ်။

သရ(၁၂)လုံးနှင့် ဗျည်း(၃၅)လုံးသင်ပြီးရင်တော့ နောက်မှာ သင်ခန်းစာတွေပါမှာဖြစ်ပြီး အခြားအခန်းတွေမှာ လည်း စာအုပ်ထဲကအတိုင်းပြန်လေ့ကျင့်နိုင်မယ့် သင်ခန်းစာတွေပါရှိပါတယ်။

အခန်း ၂၀ ကျော်ကို လေ့လာပြီးချိန်မှာတော့ မွန်စာကို ကောင်းကောင်းမွန်မွန် စတင်ဖတ်ရှုနိုင်မှာဖြစ်ပြီး အခွေပါ အခန်းအားလုံးကို လေ့လာပြီးရင်တော့ အရေးအသားပိုင်းကိုပါ အနည်းငယ်တတ်မြောက်မှာပါလို့ အခွေထုတ်ဝေသူများ က ပြောဆိုထားပါတယ်။

အခွေကို  စာသင်သလို သင်ယူရမည်ဖြစ်ပြီး မျက်စိဖြင့် ကြည့်ရုံ၊ နားဖြင့် နားထောင်ရုံနဲ့ မလုံလောက်ဘဲ ကြည့်ရင်းနားထောင်ရင်းဖြင့် ပါးစပ်က အသံထွက်လို့ လိုက်ဆိုရမှာဖြစ်ပါတယ်။ အခွေကြည့်ရင်း ကျောက်သင်ပုန်းတို့၊ ဗလာစာအုပ်တို့ယူပြီး လိုက်ရေးလျှင်မူ ပို၍ ရေးတတ်ဖတ်လာမှာပါလို့ ထုတ်ဝေသူများ က ဆိုထားပါတယ်။

"စာလုံးကို အသံထွက်ပြီးဖတ်ပေးထားမယ်။ ဖတ်သွားတဲ့အချိန်မှာလည်း စာလုံးတွေအပေါ်မှာ အရောင်တွေပြသွားလိမ့်မယ်။ ကာရာအိုကေသီချင်းတွေလိုပါပဲ။ လွယ်ကူစွာနဲ့ လေ့လာသင်ယူလို့ရတယ်" ဟု ဆရာတော် အရှင်ဥက္ကံသက မိန့်ဆိုပါတယ်။

 “နေ့တိုင်းကြည့်ရမယ် တစ်ရက်ကြည့်ပြီးတော့ ငါးရက်နားလိုက်ရင် မရဘူး။ နေ့စဉ်လေ့လာသင်ယူရမယ် ဒါမှတတ်မြောက်မယ်”ဟု ဆရာတော်က ထပ်လောင်းမိန့်ဆိုပါတယ်။

လေ့လာသင်ယူပြီးရင်တော့ ပြင်ပမှာရှိတဲ့မွန်စာတွေကို လေ့လာဖတ်ရှုတာတွေ၊ရေသားတာတွေအပြင် အင်တာနက်တွေ၊ဖုန်းတွေသုံးပြီး တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ပြောဆိုရာတွင် မွန်စာနဲ့ ရေးသား ပေးပို့ပါက အသေအချာကို တတ်မြောက်သွားလိမ့်မယ်လို့ MEG အဖွဲ့တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

အခွေဟာ မွန်စာပေသင်ရိုးညွှန်းတမ်းတွေဖြစ်တဲ့ ကော့ဘိန်သင်ရိုး၊ မုဒုံသင်ရိုးညွှန်းတမ်း၊ မွန်ပြည်သစ်ပါတီ သင်ရိုး၊ ဖားအောက်သင်ရိုး၊ ထိုင်းနိုင်ငံ မွန်စာသင်ရိုးတွေကို ကိုးကားပြီးတော့ ထုတ်လုပ်ထားတာပါ။

သင်ရိုးညွှန်းတမ်း သုံးလေးခုကို အခြေခံထုတ်လုပ်ထားတာမို့  တစ်နယ်နဲ့တစ်နယ် အသံထွက်ကွဲပြားမှု တွေကြောင့် မပြည့်စုံမှုများရှိနိုင်ပေမယ့် သေချာလေ့လာသင်ယူပါက လွယ်ကူစွာတတ်မြောက်နိုင်မှာပါလို့ ထုတ်ဝေသူများက ဆိုကြပါတယ်။

မွန်စာသင်အခွေကို ထိုင်းနိုင်ငံနယ်စပ် ဝင်္ကရွာက ဆရာနိုင်အောက်ပိုင် (နာဲအံက်ပိုင်)ကလွန်ခဲ့တဲ့ ၁၂ နှစ်ကဖန်တီး၍ ထုတ်လုပ်ခဲ့တာဖြစ်ပြီး MEG အဖွဲ့က ခွင့်တောင်း၍ အခမဲ့ဖြန့်ဝေခဲ့တာပါ။

"ဆရာနိုင်အောက်ပိုင်က သူ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပဲ ထုတ်လုပ်ပြီးတော့ ရောင်းချတယ်။ ပုဂ္ဂို်လ်တစ်ယောက်အနေနဲ့ကျတော့ အခမဲ့မဖြန့်ဝေပေးနိုင်ဘူး။ ဆရာနိုင်အောက်ပိုင်ဆီကနေ MEG အဖွဲ့က ခွင့်ပြုချက်တောင်း စီစဉ်ပြီးတော့ ဒီအခွေထွက်လာတယ်"လို့ ဆရာတော် အရှင်ဥက္ကံသက မိန့်ဆိုထားပါတယ်။

စတင်ဖြန့်ဝေချိန်က  မြို့နယ်တိုင်းရှိ မွန်စာပေသင်ကြားနေသော ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများကို ဦးစားပေး ဖြန့်ချိခဲ့တာပါ။

ယနေ့အချိန်အထိ အခွေပေါင်း လေးသောင်း အခမဲ့ ဖြန့်ဝေထားပြီး ထိုင်းနိုင်ငံမှာပင် သွားရောက် ဖြန့်ဝေခဲ့ကြောင်း MEG အဖွဲ့ ထံက သိရပါတယ်။ အခမဲ့ဖြန့်ဝေနေတဲ့အတွက် လှူဒါန်းလိုသူများ ရှိပါကလည်း လှူဒါန်းနိုင်ပါတယ်လို့ အဆိုပါအဖွဲ့က ဆိုထားပါတယ်။

အကယ်၍ အခွေကို ရယူချင်တယ်ဆိုရင်တော့ မော်လမြိုင်မြို့ ၊ ကားကူးဇက်ဆိပ် ဒိုင်းဝန်ကွင်း၊ လမ်းအောက်ကျင်း အိမ်အမှတ် ၈/B မှာရှိတဲ့ မင်းချမ်းမွန်(ဖုန်း-၀၉၇၈၂၀၉၀၁၂၄)၊မော်လမြိုင်မြို့၊ဟောင်းချမ်းအဝတ်အထည်ရောင်းဆိုင်(ဖုန်း-၀၉၄၄၉၂၅၀၈၅၈) နှင့် ဆရာတော် ဦးဥက္ကံသ(ဦးဇင်းဇော်လတ်) ၀၉၄၄၉၂၅၀၈၅၈၊ ၀၉၇၈၆၅၀၇၄၃၁ တို့မှာ ဆက်သွယ်ရယူ နိုင်ပါတယ်။

ဒါ့အပြင် အင်တာနက် youtube တွင်လည်း ကြည့်ရှုနိုင်ပြီး Easy Learning Mon 2015 High quality and size https://www.youtube.com/watch?v=NzfkbJJOzSM လင့်ကိုရိုက်နှိပ်ပြီးတော့ လေ့လာနိုင်ကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...