ချင်းပါတီကြီး ၃ ခု တကယ်ပေါင်းစည်းနိုင်ပါ့မလား

ချင်းပါတီကြီး ၃ ခု တကယ်ပေါင်းစည်းနိုင်ပါ့မလား
by -
ခိုနူမ်းထုန်
ဆလိုင်းရောဘတ် – ချင်းနိုင်ငံရေး ပါတီကြီး ၃ ခု ချင်းတိုးတက်ရေးပါတီ (CPP) ၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ(CNDP) နှင့် ချင်း ဒီမိုကရေ စီအဖွဲ့ချုပ် ပါတီ(CLD) တို့သည် တစ်ပါတီ အနေဖြင့်ပေါင်းစည်း ရန် မေလ ၂၁ ရက်နေ့က သဘောတူ လိုက်ကြပါပြီ။ လက်တွေ့ပိုင်းတွင် တကယ်ဖြစ်နိုင်ခြေ ရှိမရှိ မသိရသေးသော်လည်း ပေါင်းစည်းရေးအတွက် စတင်ခြေလှမ်းလာသည့် အပေါ် ကြိုဆိုရမည်ဖြစ်သည်။

ပါတီပေါင်းစည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကြီး ၃ ခုမှ ခေါင်းဆောင်များသည် မေလ ၂၁ ရက်နေ့က ရန်ကုန် မြို့ Happy Noodle Café ရှိမြစ်ကြီးနားခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယင်းတွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပါတီပေါင်းစည်းရေး အတွက် သဘောတူညီနိုင်ခဲ့ကြခြင်းဖြစ်သည်။

CLD ပါတီအတွင်းရေးမှူး ဆလိုင်းပီပီက “ ကျနော်တို့အစကတည်းက ပေါင်းစည်းဖို့ ရည်ရွယ်ချက်ရှိပြီးသားပေါ့နော်၊ ကျနော် တို့ပါတီအားလုံးအနေနဲ့ တချိန်ချိန် မှာ ပေါင်း စည်းဖို့လို အပ်လာတယ်ဆိုတာ အားလုံးကသိရှိခံစားပြီးသားဖြစ်တယ်၊ အချိန် မကျရောက်သေးလို့သာလျင် မပေါင်းစည်းနိုင်တာဖြစ်တယ်၊ ချင်းတစ်မျိူးသားလုံးအတွက်လိုအပ်လာတယ်၊ ချင်းတစ်မျိူး သားလုံးကလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြတယ်၊ ကျနော် တို့ကိုယ်၌က ပူးပေါင်းရမယ် ပူးပေါင်းဖို့လိုအပ်တယ်၊ ပူးပေါင်းသင့် တယ်ဆိုတဲ့ခံယူချက်နဲ့ ပေါင်းစည်းဖို့ သဘောတူလိုက်ကြတာပါ’’ ဟု ပြောသည်။

ချင်းနိုင်ငံရေးပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းရေးသည် ချင်းပြည်သူလူထုများမှ နှစ်ရှည်လများမျှော်လင့်စောင့်စားခဲ့ကြ သည့် အိမ်မက်တစ်ခုဟုဆိုရပေမည်။ ယခုပေါင်းစည်းရေးခြေလှမ်းသစ်သတင်းကြောင့် ချင်းပြည်သူများက ၀မ်းသာကြိုဆို ကြသော်လည်း လက်တွေ့ပေါင်း စည်းရေးပိုင်း တကယ်ဖြစ်နိုင်မလားဟု မယုံမရဲ ဖြစ်နေကြသည်။

အဘယ့်ကြောင့်ဆိုသော် ချင်းနိုင်ငံရေးသမားများသည် အပြောနှင့် စာရွက်ပေါ်မှာသာ အာဘောင်အာရင်းသန်သန်ဖြင့် လူထု သဲခြေခိုက် စကားတွေပြောဆိုတတ်ကြသော်လည်း လက်တွေ့အကောင်ထည်မှုပိုင်းတွင်မူ အဖျားရှူးသွားလေ့ရှိ တတ်သောကြောင့် တည်း။ ကောက်ရိုးမီးကဲ့သို့ “ ၀ုန်း” ကနဲ့ တောက်လောင်တတ်ပြီး ခဏနေ ပြန်ငြိမ်ကျလေ့ရှိသည်။

ယခင်အစောပိုင်းကာလကလည်း ချင်းပါတီကြီး ၂ ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီတို့သည် တစ်ပါတီအဖြစ်ပေါင်းစည်းရေးအတွက် ခြေလှမ်းခဲ့ကြဘူးပြီး အစပိုင်းတွင် အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ခေါင်းဆောင်ပိုင်း မညီညွတ်မှု၊ အပြန်အလှန် နားလည်းမှု၊ ယုံကြည်မှု မ တည်ဆောက်နိုင်ခြင်းကြောင့် အချိန်ကာလ အတော်ကြာ ကြိုးစားဆောင်ရွက်လာခဲ့ကြသော ပေါင်းစည်းရေး ခြေလှမ်း သည် လည်း ရှေ့မတိုးနိုင်ဘဲ တဖြည်းဖြည်းလမ်းစပျောက်ကွယ်သွားခဲ့ရပြီးဖြစ်သည်။

ချင်းပါတီကြီး ၂ ခုပေါင်းစည်းရေးမဖြစ်နိုင်တော့သည့်နောက်ပိုင်းတွင် နောက်ထပ် ချင်းနိုင်ငံရေးပါတီပေါင်းများစွာ မှိုလို ပေါက်လာခဲ့ ရသည်။ ယင်းသည် အစကနဦးပိုင်းက ချင်းပါတီ ကြီး ၂ ခု ပေါင်းစည်းရေးမအောင်မြင်ခြင်း၏ အကျိုးဆက်များ သာဖြစ်သည်ဟု ဆို ရပေမည်။

ချင်းနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲမတိုခင်ကာလက ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်ပြီး ချင်း မိသားစု နိုင်ငံရေး ပါတီ များတွေ့ဆုံဆွေးနွေးပွဲကို ၃ ကြိမ်တိုင်တိုင်ကျင်းပခဲ့ကြပြီး “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေး ပါတီများ လက်တွဲ ညှိနှိုင်းဆောင်ရွက်ရေးသဘောတူစာချုပ်’’ ကို ချင်းပါတီ ၁၂ အနက် ပါတီ ၁၀ ခုက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသဘောတူညီချက်အရ ချင်းနိုင်ငံရေးများထဲမှ (၂၀၁၆-၂၀၂၀) အတွင်း ချင်းလူမျိုးများအား နိုင်ငံရေး အရ ဦးဆောင်မှု ပေးရာတွင် ပါ၀င်သင့်သည်ဟု ချင်းမိသားစုနိုင်ငံရေးပါတီအသီးသီးတို့မှ လက်ခံသဘောတူသော လူပုဂ္ဂိုလ် ၁၂ ဦး(အမျိုး သား ၉ ဦး နှင့် အမျိူး သမီး ၃ ဦး) ကို ရွေးချယ်ခဲ့ကြပြီး ယင်းပုဂ္ဂိုလ်များဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်မြေအသီးသီး တွင် ချင်းမိသားစုဝင် အခြား ပါတီများမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ အဆိုပါပုဂ္ဂိုလ်များအောင်နိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးရမည်ဖြစ်သည်။

သို့သော်လည်း ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် ချင်းပါတီများသည် လူကြီးလူကောင်းဆန်ဆန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ၎င်းတို့သဘောတူညီချက်တွေကို လိုက်နာမှုမရှိကြတော့ဘဲ ဦးစားပေးပုဂ္ဂိုလ်အဖြစ် အရွေး ချယ်ခံရသူများဝင်ရောက်ယှဉ်ပြိုင်ကြသည့် မဲဆန္ဒနယ်မြေများတွင် ချင်းမိသားစုဝင် ပါတီအချင်းချင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြလေတော့သည်။

“ နွားကွဲလျင် ကျားဆွဲ” ဆိုသည့်စကားပုံအတိုင်း စည်းလုံးညီညွတ်ခြင်းမရှိကြတော့သော မိမိတို့လူဦးရေနှင့်မမျှအောင် ဖွဲ့စည်း တည်ထောင်လာကြသည့် ချင်းအမည်ခံနှင့် မျိုးနွယ်စုအမည်ခံနိုင်ငံရေးပါတီတစ်ဒါဇင်ခန့်သည် ၂၀၁၅ ရွေးကောက် ပွဲတွင် တပြံု တခေါင်းကြီးဝင်ရောက်ယှဉ်ပြိုင်ကြပါတော့သည်။ သို့သော်လည်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလွှဲ၍ ကျန် ချင်းနိုင်ငံရေးပါတီများသည် မဲဆန္ဒနယ်မြေအားလုံးတွင် မရှုမလှ ခွက်ခွက်လန်ရှုံးနိမ့်ခဲ့ကြရသည်။

ယင်းကဲ့သို့ ရှုံးနိမ့်ရသည့်အကြောင်းရင်းခံကို လေ့လာစမ်းစစ်ပါက ပါတီတစ်ခုတည်းတွင် စုစည်းခြင်းမရှိဘဲ နိုင်ငံရေးပါတီ အများ အပြားဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ချင်းနိုင်ငံရေးပါတီများသည် အချင်းချင်းဝင်ပြိုင်ကြပြီး မဲဆန္ဒရှင် ချင်းပြည်သူများ အားစိတ် ပျက်မှုသာဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် “ ဘယ်သူမပြု မိမိမှု” ဆိုသည့်အတိုင်း ရွေးကောက်ပွဲ ရှံုးနိမ့်ရခြင်းသည် ချင်းနိုင်ငံရေး ပါတီများပေါင်းစည်းနိုင်ခြင်းမရှိသည့်အကျိူးဆက်သာဖြစ်သည်။

သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲသည် များပြားလှသော ချင်းနိုင်ငံရေးပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းချီတက်ရန် အချိန် တန်ပြီ ဖြစ်ကြောင်း အချက်ပြခေါင်းလောင်းသံဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုတဖန် ချင်းပါတီကြီး ၃ ခု ပေါင်းစည်းရေး ကိစ္စကို စတင်ခြေလှမ်း လာပြန်သည်။ ပါတီပေါင်းစည်းရေးအောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ချင်းတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ပူးနိုးထန် ကပ်၊ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ပူးဇိုဇမ် နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူးငိုင်ဆာခ့် တို့ ခေါင်းဆောင် ကြီး ၃ ဦးအပေါ် အဓိကမူတည်နေသည်ဟုဆိုရပါမည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ပူးဇိုဇမ်ကတော့ မိမိတို့အခြေအနေသည် ပါတီတစ်ခုအောက်တွင် အတူတကွ ပေါင်းစည်း ရတော့မည့် အခြေအနေသို့ရောက်ရှိနေပြီး နိုင်ငံရေးဘုံရန်သူကိုလည်း ကောင်းကောင်းသိလိုက်ပြီဟု ပြော သည်။

“မဖြစ်မနေကျနော်တို့က ပေါင်းစည်းရမှာပါ၊ ပေါင်းချင်သော်ရှိ မပေါင်းချင်သော်ရှိ ကျနော်တို့က တစ်ပါတီတည်းနဲ့ ရှိရမယ့် အနေအ ထားရောက်နေပြီ ဘာလို့လည်းဆိုတော့ နိုင်ငံရေးမှာ ရန်သူ မိတ်ဆွေဆိုတာရှိတယ်၊ ဘုံနိုင်ငံရေးရန်သူကို ကျနော် တို့ကောင်းေ ကာင်းတွေ့ လိုက်ပြီလေ’’ ဟု ပူးဇိုဇမ်ကပြောသည်။

ယင်းအတွက် ချင်းပါတီကြီး ၃ ခုမှ ခေါင်းဆောင်ပိုင်းအကြားတွင် လုံးဝပြဿနာမရှိတော့ကြောင်း ပေါင်းစည်းရေးအတွက် အလား အလာ အလွန်ကောင်းမွန်သည်ဟု သူကဆက်ပြောသည်။

“ ပါတီတစ်ခုအနေနဲ့ တောက်လျှောက်ချီတက်ဖို့ပါပဲ ခေါင်းဆောင်ပိုင်းက ပြသာနာ လုံးဝ မရှိတော့ပါဘူးလို့ ကျနော်ပြောချင် ပါတယ်၊ ခေါင်းဆောင် ၃ ယောက်ဖြစ်တဲ့ ပူးကပ်၊ ပူးငိုင်ဆာခ့်၊ ကျနော်ပေါ့ဗျာ အခြေအနေတွေကို ကောင်းကောင်း သုံးသပ် နိုင်ခဲ့ကြတယ်၊ ခါတိုင်းနှစ်မှာ ပူးပေါင်းဖို့ကြိုးစာတဲ့ပုံစံမျိုးမဟုတ်ဘူး ခုဟာကပေါင်းစည်းဖို့ဖြစ်တယ် အလားအလာသိပ် ကောင်းပါတယ်’’ ဟု ဦးဇိုဇမ်ကပြောဆိုသွားသည်။

ပါတီပေါင်းစည်းရေးအတွက် ချင်းပါတီကြီး ၃ ခုမှ တစ်ပါတီလျှင် ၃ ဦးစီစေလွှတ်ပြီး ပေါင်းစည်းရေးမူဝါဒရေဆွဲသွားမှာဖြစ်ပြီး ပါတီပေါင်း စည်းရေးဖြစ်မြောက်လာပါက အခြားသော ချင်းမျိုးနွယ်စုကိုယ်စားပြုပါတီများကိုလည်းဖိတ်ခေါ်သွားမည်ဟု သိရ သည်။

မည်သို့ပင်ဆိုစေ လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် ချင်းပြည်သူလူထုအနေဖြင့် ပေါင်းစည်းညီညွတ်သော ချင်းပါတီကြီး တစ်ခုတည်းကိုသာ မဲထည့်နိုင်တော့မည့်အလားအလာရှိမလား၊ ဒါမှမဟုတ် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ များပြားလှစွာသော ချင်းပါတီ များ ကို မဲပေးကြရဦးမလားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...