အစိုးရတပ် နှင့် KIA သီးခြား ဒေသ နှစ်ခု တွင် တိုက်ပွဲ ဖြစ်ပွား

အစိုးရတပ် နှင့် KIA သီးခြား ဒေသ နှစ်ခု တွင် တိုက်ပွဲ ဖြစ်ပွား
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသ နှစ် ခုတွင် မေ ၁၉၊ ယနေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် KIA တပ်ရင်း (၂၇) နယ်မြေတွင်း အစိုးရတပ်များနှင့် တိုက်ပွဲ နှစ်နေရာတွင် ပြင်းထန်စွာ ဖြစ်ပွားနေသည်။

တပ်ပျက်သည့် အနေအထား ရောက်နေသည့် အစိုးရ ခလရ (၂၇၆) ရှိရာ အူလန်ပါ (Ulang Pa) ဘက်ကို ခမရ (၆၀၁) စစ်ကူများ ပြန်လည် ဝင်ရောက်လာသဖြင့် ယနေ့ မနက်အစောပို်င်းမှ KIA တပ်ရင်း (၂၇) နှင့် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း KIA သတင်း ရပ်ကွက် က ပြောသည်။

ထို့အပြင် KIA တပ်ရင်း (၂၇) နယ်မြေ ဖြစ်သည့် မုန်းခေါင် (Mung Hkawng) နှင့် ကရှောက် (Kashawt) ကြား ဂျောင်ဝေါင်ပါ (Jau Wawng Pa) တွင် အစိုးရ ခမရ (၃၁၉) စစ်ကြောင်း နှင့် KIA တပ်ဖွဲ့များ ယနေ့မနက် အစာပိုင်းမှ စပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာကြောင်း KIA သတင်းများ ဆက်ပြောသည်။

မေလ (၁၅) တနင်္ဂနွေနေ့ မှစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလာသည့် မံစီမြို့နယ်တွင် KIA တပ်များကို အစိုးရ ဂျက်တိုက် လေယာဉ် (၂) စီး နှင့် မေလ (၁၇) ရက်နေ့က (၂) ကြိမ်လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး နောက်နေ့ တွင်လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် (၂) စီးဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲ နှင့် မုန်းစီး ကြား၊ မုန်းစီ အနီး ပင်းလုံ ဘက်တွင်လည်း KIA တပ်မဟာ (၆) အောက် တပ်ရင်း (၂) အဖွဲ့နှင့် အစိုးရ တပ်ကြား ယနေ့ တို်က်ပွဲ ဖြစ်နေကြောင်း တပ်မဟာ (၆) အရာရှိတဦး ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောခဲ့သည်။

ယင်း KIA တပ်ရင်း (၂) နယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်ကြသည့် ရက္ခိုင်တပ်မတော် (AA)၊ တအောင်းတပ် (TNLA) နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS) တို့လည်း ရောက်ရှိနေသည်။ ၎င်း ဒေသတွင် လက်ရှိ စစ်ရေး လှုပ်ရှားနေသော အစိုးရ စစ်ကြောင်းများတွင် တပ်မ ၁၁၊ ၅၅ နှင့် ၉၉ တို့ ပါ၀င်ပြီး ဆက်လက်ပြီး မြောက်ဘက် မုန်းဂျီ၊ မုန်းဘော်၊ မုန်းကို ဒေသများသို့ ချီတက်လာဖွယ် ရှိနေသည် ဟု အထက် က KIA တပ်မဟာ (၆) အရာရှိ ပြောသည်။

ရှမ်းမြောက် တိုက်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် အစိုးရတပ်များ၏ ပစ်မှတ်ထားကာ အတင်းအကြပ် မေးမြန်း စစ်ဆေးမှုများ ကို ခံနေရခြင်းကြောင့် နေ့စဉ် ခရီး သွားလာရေးတွင် စိုးရိမ်နေရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောလာသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...