ထားဝယ်မြို့တွင် တရားခံပြေးဖမ်းဆီးရင်းသေနတ်ပစ်ခံရသဖြင့်သေဆုံးသည့် ရဲတပ်သားမှာ ချင်းလူမျိုးဖြစ်နေ

ထားဝယ်မြို့တွင် တရားခံပြေးဖမ်းဆီးရင်းသေနတ်ပစ်ခံရသဖြင့်သေဆုံးသည့် ရဲတပ်သားမှာ ချင်းလူမျိုးဖြစ်နေ
by -
ချင်းဝေါလ်
ထားဝယ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လက်နက် ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသည့် တရားခံပြေး တစ်ဦးအား မေ ၁၄ ရက် ညနေ ၄ နာရီခွဲတွင် လိုက်လံဖမ်းဆီးစဉ် ၄င်းတရားခံပြေးမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ချင်းလူမျိုး ရဲတပ်သားထွန်းယိန်း သေဆုံးခဲ့ကြောင့် ပြည်တွင်းမီဒီယာများတွင်ဖော်ပြထားသည်။

ရဲတပ်သားထွန်းယိန်းသည် ပလက်ဝမြို့နယ် အောက်ဘလိုင်ရွာဇာတိဖြစ်ပြီး ဦးမင်းကိန်၏သားဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားရာ၌ သေနတ်ထိမှန်ခဲ့သူ ရဲတပ်သား ထွန်းယိန်းကို ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ရင်ခွဲစစ်ဆေးချက်အရ ၀ဲလက်မောင်းကို ထိမှန်သော ကျည်ထိပ်ဖူးမှာ ၀ဲပခုံးအတွင်းမှ ၀င်၍ အဆုတ်အားဖြတ်ပြီး ခါးရိုးတွင် စိုက်ဝင်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံပြေး သီဟနိုင် (ခ) ညီငယ်နှင့် အိမ်ခန်းအတွင်း မူးယစ်ဆေးပြားများဖြင့် ဖမ်းဆီးရမိသူ လေးဦးတို့အား ထားဝယ်မြို့မ ရဲစခန်းမှ မယ(ပ) ၁၈/ ၂၀၁၆၊ မူး/စိတ် ပုဒ်မ-၁၅/ ၁၉(က)/၂၁/ ၂၂(ခ) ဖြင့်လည်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထားဝယ်မြို့လယ်ပိုင်းရှိ မြောက်ရွာ ရပ်ကွက် ၉၉၉ ဆိုင်အနီး ဆေးရုံလမ်းမပေါ်၌ မေ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လက်နက် ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသည့် တရားခံပြေး တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက် ဖမ်းဆီးရာတွင် ၎င်းတရားခံပြေးမှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု Daily Eleven နေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။

ထားဝယ်မြို့မ ရဲစခန်း၏ မယ(ပ)၄/ ၂၀၁၆၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က) /၂၁/၂၂(ခ)/ကျင့်-၅၁၂၊ ထားဝယ်မြို့မ ရဲစခန်း၏ (ပ)၉၂/၂၀၁၆၊ လက်နက်ပုဒ်မ- ၁၉ (စ) အမှုမှ တရားခံပြေးဖြစ်သူ သီဟနိုင် (ခ) ညီငယ်မှာ ပိန္နဲတောရပ်ကွက်၊ သုခလမ်း၊ ဦးမင်းနိုင်၏ နေအိမ် ငါးခန်းတွဲတွင် ရောက်ရှိနေကြောင်း သတင်းရရှိ၍ ထားဝယ်မြို့နယ် ရဲမှူးဦးစီးသည့် ရဲအုပ်၊ ဒုရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သည့် အင်အား ၂၁ ဦးမှ ပြောင်းချောသေနတ် လေးလက်ဖြင့် ပိတ်ဆို့ ဖမ်းဆီးရန် စီစဉ်ခဲ့ကြောင်း၊ ရဲအုပ်စိုးနိုင်နှင့် ဒုရဲအုပ် ထွန်းထွန်းဦး ဦးစီးသည့် ရှစ်ဦးအဖွဲ့မှာ အရှေ့ဘက်မှ ၀င်ရောက်ချိန်၌ တရားခံပြေးဖြစ်သူ သီဟနိုင်မှာ အိမ်အတွင်းမှ ပစ္စတို သေနတ်တစ်လက် ကိုင်ဆောင်ပြီး နေအိမ်အနောက်ဘက်သို့ ထွက်ပြေး၍ လိုက်လံ ဖမ်းဆီးရာ ဆေးရုံလမ်းတွင် နောက်မှလိုက်ပါလာသည့် ရဲတပ်သား နှစ်ဦးအား တရားခံပြေးမှ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ပြီး ရဲတပ်သား ထွန်းယိန်း၏ ၀ဲဘက်လက်မောင်း ထိမှန်ပြီး လဲကျသွားခဲ့ကြောင်း၊ ဆေးရုံလမ်းမှ အုန်းတောလမ်းဆုံ အရောက်တွင် ရွှေတောင်စားလမ်း အတိုင်း ပခုက္ကူကျောင်းဘက်သို့ ပြေးလာသော သီဟနိုင်အား နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် ဒုရဲအုပ်ထွန်းလင်းမှ ဆိုင်ကယ်ဖြင့် တိုက်ပြီး လုံးထွေး ဖမ်းဆီးခဲ့ရာ တရားခံပြေး သီဟနိုင်နှင့်အတူ ကျည်ထိုးပြီး ကျည်ကတ်အတွင်း ကျည်နှစ်တောင့်ပါ M-32 ပစ္စတို သေနတ် တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်း၏ မှုခင်းမှတ်တမ်းများ အရ သိရသည်။

ထို့နောက် သီဟနိုင်၏ နေအိမ်သို့ သွားရောက် ရှာဖွေရာ အခန်းအမှတ် (၄) အတွင်းမှ ဝေယံအောင် (ခ) ဇေကြီး (၂၆) နှစ်၊ မဆုရည်ကျော် (၂၆) နှစ်တို့ကို တွေ့ရှိရပြီး အခန်းအတွင်းရှိ ပြောက်ကျား ဘေးလွယ်အိတ် အတွင်းမှ WY ပန်းရောင် စိတ်ကြွဆေးပြား ၈၀ အလေးချိန် ရှစ်ဂရမ် နှင့် ငွေစက္ကူကျပ် ၃၀၈၀၀၀ တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အခန်းအမှတ် (၅) ကို ဆက်လက် ၀င်ရောက် ဖမ်းဆီးရာ ဟမဇာခြည် (ခ) သူဇာ (၂၀) နှစ်၊ မမေသူထွန်း (ခ) မေသူ (၂၁) နှစ်တို့အား တွေ့ရှိရပြီး အခန်း အနောက်ဘက် သဲထည့်ထားသည့် ဘိလပ်မြေ အိတ်ခွံအတွင်း ပလတ်စတစ်အိတ် အဖြူရောင်ဖြင့် ထုတ်ထားသော WY စာတန်းပါ ပန်းရောင်ဆေးပြား ၄၅၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားခဲ့ဟု Daily Eleven နေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...