မော်လမြိုင်-ဘီးလူးကျွန်းစက်လှေကူးတို့ဖြင့် မော်တော်ယာဉ်တင်ဆောင်နေမှု အန္တရာယ်စိုးရိမ်ရ

မော်လမြိုင်-ဘီးလူးကျွန်းစက်လှေကူးတို့ဖြင့် မော်တော်ယာဉ်တင်ဆောင်နေမှု အန္တရာယ်စိုးရိမ်ရ
မော်လမြိုင်မှ ဘီးလူးကျွန်းသို့  စက်လှေဖြင့် ကားတင်နေပုံ (Facebook ဘီးလူးကျွန်း)
မော်လမြိုင်မှ ဘီးလူးကျွန်းသို့ စက်လှေဖြင့် ကားတင်နေပုံ (Facebook ဘီးလူးကျွန်း)
မော်လမြိုင်-ရာမညတံတားမှ ဘီလူးကျွန်း- ကော့မုပွန် (ကုလားဆိပ်ကမ်း) ဘက်သို့ စက်လှေငယ်နှစ်စီးချင်းဆက်ကူးတို့လှေဖြင့် မော်တော်ကားများ နေ့စဉ်အသွားအပြန် တင်ဆောင်နေကြသည်ကို အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

စက်လှေငယ်နှစ်စီးချင်းဆက်ကူးတို့လှေဖြင့် မော်လမြိုင်-ဘီးလူးကျွန်းသို့ လူနာတင်ကား တစ်စီးလျှင် အသွားအပြန် ၁ သိန်း ၄ သောင်း၊ ထော်လာဂျီကား တစ်စီးလျှင်  အသွားအပြန် ၁ သိန်း ၂ သောင်း အထိ ပေးဆောင်နေရသည်။

ဘီလူးကျွန်းဒေသခံ ဒေါ်မြတ်နိုးသူက “ဇက်ကတော့ စျေးကြီးပေမယ့် အန္တရာယ်ကင်းတယ်၊ လှေကျတော့ သိပ်အန္တရာယ်မကင်းဘူးလေ၊ လှေနှစ်စီးဆက်ပြီးတင်ရတယ်ဆိုတော့ အတိုင်းအတာတစ်ခုကတော့ အန္တရာယ်ကင်းဖို့ အရေးကြီးတယ်၊ တင်ရတာတော့ အရမ်းလည်း အန္တရာယ် များပါတယ်၊ ကြောက်ဖို့လည်းကောင်းတယ်၊ မလုပ်စေချင်တာ အမှန်ပါပဲ” ဟုပြောသည်။

မော်လမြိုင်- ကလွီ ဆိပ်ကမ်းဘက်သို့ အစိုးရပိုင် ဇက်(ကုန်တင်သင်္ဘော)ဖြင့် အတင်အချလုပ်ပါက မော်တော်ယာဉ်တစ်စီးလျှင် အသွားအပြန် ငွေကျပ် ရ-၈ သိန်းခန့် ပေးဆောင်နေရသောကြောင့်၊ ဇက်တွင် အနည်းဆုံး မော်တော်ယာဉ် ၅ စီးပြည့်မှ တင်ဆောင်ပေးကြောင်း၊ ကုလားဆိပ်ဘက်ကို ယာဉ်အတင်အချပြုလုပ်ပါက ငွေကျပ် ၄ သောင်း သက်သာသော်လည်း အန္တရာယ် အလွန်များကြောင်း သိရသည်။

စက်လှေမောင်းသူ နိုင်လင်းထက် က “ ကျနော်တို့မှာ လှိုင်းရှိနေရင် မတင်ဘူး၊ ရေကျလို့ရှိရင်လည်း မတင်ဘူး၊ ရေသိပ်ကြီးရင် ကုန်းတက်ကုန်းလျှောဖြစ်နေတဲ့အတွက် ကားမောင်းတက်ရင် ချော်ကျတာတွေ ရှိတတ်တာပေါ့” ဟု ပြောသည်။

ဆိပ်ကမ်းခွန်များ ပေးဆောင်နေရသဖြင့် စက်လှေဖြင့်ပို့ဆောင်ရာတွင် မော်တော်ယာဉ်တင်ဆောင်ခ စျေးနှုန်းများနေသေးကြောင်း၊ အကယ်၍ အကြောင်းတစုံတရာဖြစ်လာပါက စက်လှေများတွင် တာဝန်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဒု - ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က “ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က စည်ပင်ကို ကျနော် ဖုန်းဆက်ပြီးပြီ၊ ဒီကိစ္စဟာ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ ဒေသခံတွေ ပြောလာတာလည်းရှိနေတယ်၊ နောက်ပြီးတော့ တစ်ချို့နေရာမှာ လူတင်တာ များလွန်းတယ်၊ နောက်ပြီး မိုးချုပ်လာရင် တစ်ချို့လူတွေက အရက်မူးနေတယ်ဆိုတော့ ဒါကိုလည်း ပြန်ထိန်းပေးဖို့ စည်ပင်ကို အကြောင်းကြား ထားပါတယ်” ဟု ပြောသည်။  

တခါတရံ ဆိပ်ကမ်းအာဏာပိုင်များထံအသိပေးခြင်းမရှိဘဲ လှေသမားများနှင့် ဒေသခံအချို့ နားလည်မှုယူပြီး မော်တော်ယာဉ်အတင် အချပြုလုပ်ခဲ့သဖြင့် ပြဿနာပေါ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

၂၀၁၃ ခုနှစ်တွင် ဆိပ်ကမ်းတာဝန်ရှိသူနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ သဘောတူညီချက်ရယူပြီး မော်လမြိုင်-ဘီလူးကျွန်းအသွားအပြန် ယခုကဲ့သို့ လှေနှစ်စင်းဆက် ယာဉ်အတင်အချ ပို့ဆောင်ခွင့်ပြုခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...