လက်နက်အပ်နှံပွဲ အခမ်းအနားကို ရေးဖြူမြို့နယ် ကင်းမွန်ချောင်းကျေးရွာ၏ ဘုန်းကြီးကျောင်းအဝင်း၌ မေလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တနင်္သာ ရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး၊ တပ်ရင်း ၂၈၀ မှ တပ်မတော် အရာရှိများနှင့် ဒေသခံတို့က တက်ရောက်ကြသည်ဟု ဒေသခံတို့ပြောဆိုသည်။
“လက်နက်အပ်နှံပွဲကို ဒီကနေ့မနက်ပိုင်းက ကင်းမွန်ချောင်းရွာမှာပဲ ပြုလုပ်တာပါ၊ မွန်ချမ်းနှင့် သူ့ရဲ့အဖွဲ့ဝင် ၁၈ ဦးပါတယ်၊ လက်နက် ၁၂ လက်နဲ့ ကျည်ဆံတွေအများအပြားပါဝင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မွန်ချမ်းနှင့်အဖွဲ့အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ ထောက်ပံ့ စရိတ်အဖြစ် ကျပ်ငွေများကိုလည်း ချီမြှင့်ခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
မွန်ချမ်းနှင့်အဖွဲ့ဝင်အင်းအား ၁၈ ဦးတို့သည် အလင်းဝင်ပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်သို့ ပြောင်းလဲဖွဲ့ စည်းမည်ဖြစ်၍ ရေးဖြူမြို့နယ် ပေါက်ပင်းကွင် သို့မဟုတ် ကင်းမွန်ချောင်းကျေးရွာအတွင်း အခြေစိုုက်နိုင်ရန် စတင် ကြိုးပမ်းနေပြီဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရေဖြူမြို့နယ် ကင်းမွန်ချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ခလရ ၂၈၀ တပ်ရင်းမှ တပ်မတော်အရာရှိနှှင့် နတ်ကြီးစင်၊ ပေါက်ပင်းကွင်း၊ ကင်းမွန်ချောင်းကျေးရွာတို့မှ ရပ်မိရပ်ဖများနှင့် မွန်ချမ်းအဖွဲ့မှ စေလွှတ်ထားသည့် ကိုယ်စားလှယ် ၃ ဦးတို့ တွေ့ဆုံညှိနှိုင်းခဲ့ရာ မွန်ချမ်းအပါအဝင် အဖွဲ့ဝင်အင် အား ၂၀ ဦးနှင့် လက်နက် (၁၂) လက်တို့ကို အပ်နှံအလင်းဝင်နိုင်ရန် နှစ်ဖက်သဘောတူထားခဲ့ခြင်းဖြစ်သည်။
ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တဝိုက်လှုပ်ရှားနေသော ပြန်ပေးဓါးပြအဖွဲ့အနက် မွန်ချမ်းအဖွဲ့သည် အင်အား တောင့်တင်းသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။
အဆိုပါ မွန်ချမ်းသည် ရေးတောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ဓါးပြအဖွဲ့များကို နှိမ်နင်းရန် ၂၀၁၄ ခုနှစ်တွင် တပ် မတော်၏ အစီအစဉ်ဖြင့် နိုင်ဗင်း ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သို့ ဒုခေါင်းဆောင်အဖြစ် ပါ ဝင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ဗင်းအဖွဲ့မှ ခွဲထွက်ကာ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓါးပြ တိုက် ခြင်းတို့ဖြင့် နာမည်ကျော်ဇောနေသူ ဖြစ်သည်။
မွန်ချမ်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်မှတ်တမ်းပုံ(Aung Naing Win)







