သိုးသီဖိုအုပ်စု အလယ်တန်းကျောင်းဆက်လက်သင်ကြားနိုင်ရန် အခက်အခဲရှိနေ

သိုးသီဖိုအုပ်စု အလယ်တန်းကျောင်းဆက်လက်သင်ကြားနိုင်ရန် အခက်အခဲရှိနေ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား (ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ဝေးလံခေါင်ပါးသည့် သိုးသီဖိုကျေးရွာအုပ်စုတွင် မူလတန်းကျောင်းပညာသင်ကြားပြီး သူများသည် အလယ်တန်းကျောင်းဆက်တက်ရန် အခက်အခဲရှိနေကြသည်ဟု လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း မှ သိုးသီဖိုအုပ်စု လက်ထောက်နည်းပညာမှူး ဦးဟိန်းမင်းလတ်က ပြောသည်။

မြို့ပေါ်တွင်ဆွေးမျိုးရင်းချာရှိမှသာလျှင် အလယ်တန်းကျောင်းကို ဆက်တက်နိုင်မည်ဖြစ်ပြီး ဆွေးမျိုးမရှိကြသည့်သူများမှာ ကျောင်းဆက်မတက်တော့ပဲ အိမ်တွင်မိဘကူကြရတော့မည်ဖြစ်သည်ဟု ဆိုသည်။

မူလတန်းအခြေခံပညာကျောင်းများသည်လည်း ကိုယ်ထူကိုယ်ထဆောက်လုပ်ထားခြင်း ဖြစ်သည့်အတွက် ကျောင်းအဆောက်အဦးများ မှာ ပြည့်စုံသည့်ကျောင်းအင်္ဂါရပ်များနှင့်မကိုက်ညီကြောင်း လိုအပ်ချက်များရှိနေသည်ဟု ဦးဟိန်းမင်းလတ်က ဆိုပါသည်။

၎င်းက“အခက်အခဲကတော့ ပညာရေးအပိုင်းမှာဆိုရင် ပညာရေး အခြေခံအဆောက်အဦးက လုံးဝမကောင်းဘူး။ အခြေခံအဆောက်အဦး မကောင်းရင် ကလေးတွေကို ပညာသင်ကြားတာ အခက်အခဲရှိတယ်” ဟုပြောသည်။

၎င်းအုပ်စုအတွင်းရှိ ဒိုးမိုခေါကျေးရွာတွင် ကိုယ်ထူကိုယ်ထကျောင်းများ တည်ဆောက်ပြီး ကျောင်းတက်နေရသောကြောင့် အခက်အခဲများစွာ ရှိနေကြောင်း ကျောင်းဆရာမ ဒေါ်ဘီဘျားနာက ပြောသည်။

“ကျောင်းကတော့ အဆင်မပြေဘူး။ အကာတွေက တဝက်ပဲရှိတယ်လေး၊ မိုးရွာရင် မိုးပက်စိုတယ်လေး” ဟု ပြောသည်။

ကျောင်း၏တည်ဆောက်ပုံမှာ ဝါးကပ်နှင့်သာ တည်ဆောက်ထားပြီး အကာတစ်ဖက်သာ ရှိခြင်းကြောင့် မိုးရာသီချိန်တွင် တရွာနှင့်တရွာ သွားလာရသည်မှာ အလွန်ဝေးလံခြင်း လမ်းခက်ခဲခြင်း စသည်တို့ကြောင့် တခါတရံမိုးသည်းထန်သည့် နေ့တွင် ကျောင်းပိတ်လိုက် ရကြောင်း ဆရာမ ဒေါ်ဘီဘျားနာက ပြောသည်။

မိဘများကလည်း ဆင်းရဲနွမ်းပါးသောကြောင့် ၎င်းတို့ကလေးများကို အလယ်တန်းကျောင်းရှိရာ မြို့ပေါ်သို့ ဆက်မပို့နိုင်တော့ဘဲ အခြေခံမူလတန်းအဆင့်ဖြစ်သာ ပညာရေးဆုံးခန်းသွားကြရပြီး ငယ်ရွယ်သည့် ကလေးများမှာ မိဘအလုပ်များကိုသာ ဝိုင်းကူနေကြရသည်။

သိုးသီဖိုအုပ်စုတွင်း အခြေခံပညာမူလတန်းကျောင်း အဆောက်အဦးကောင်းရန် လိုအပ်သည့်အပြင် မူလတန်းကျောင်းပြီးသွားသူများ အတွက် အလယ်တန်းကျောင်းကို နီးစပ်ရာမြို့ပေါ်တွင်တက်နိုင်ရန် သက်ဆိုင်ရာမှ နေရေးထိုင်ရေး စီစဉ်ပေးထားရန် လိုအပ်သည်ဟု လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း မှ သိုးသီဖိုအုပ်စု လက်ထောက်နည်းပညာမှူး ဦးဟိန်းမင်းလတ်က အကြံပြုသုံးသပ်သွားသည်။

“ တစ်အုပ်စုလုံးမှာ ဆယ်တန်းအောင်တဲ့သူ တစ်မိသားစုပဲရှိတယ်။ ဒါက မြို့ပေါ်မှာ ဆွေမျိုးရှိနေလို့ပေါ့။” ဟု ၎င်းကပြောသည်။

၎င်းတို့ ကျေးရွာမှ မိဘများသည် ကျောင်းမနေခဲ့ရသောကြောင့် ယခုချိန်တွင် လက်မှတ်ရေးထိုးခြင်းတို့တွင် အင်ပတ် ကိုသာသုံးကြရပြီး ကိုယ်တိုင်ဘောလ်ပင် ကိုင်နိုင်ခြင်းမရှိကြောင်း ဦးဟိန်းမင်းလတ်က ပြောသည်။

ယခုလို ဝေးလံခေါင်ပါးသည့်ဒေသတွင် ကျောင်းဆရာ/မများက ပုံမှန်မရောက်နိုင်ခြင်း၊ ကျောင်းပျက်ရက်များခြင်းများခြင်း စသည်တို့ကြံုတွေ့နေကြရသည့်အတွက် သက်ဆိုင်ရာများက တာဝန်ကျဝန်ထမ်းများအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆောင် ရွက်ပေးသင့်သည်ဟု ဦးဟိန်းမင်းလတ်က အကြံပြုပြောဆိုသွားသည်။

သိုးသီဖိုအုပ်စုတွင်းတွင် ကျေးရွာ ၈ ရွာရှိပြီး တစ်ရွာနှင့်တစ်ရွာ ဝေးလံသည့်အပြင်လမ်းမပေါက်သည့်အတွက် ကျေးရွာ ၆ ရွာတွင် ကိုယ်ထူကိုယ်ထ အခြေခံမူလတန်းကျောင်းများကိုယ်စီ ဆောက်လုပ်ထားကြသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...