ဖရူဆိုမြို့နယ်၏ အစွန်းဆုံး သိုးသီဖိုအုပ်စုတွင်း အခက်ခဲဆုံးက အမျိုးသမီးကျန်းမာရေး

ဖရူဆိုမြို့နယ်၏ အစွန်းဆုံး သိုးသီဖိုအုပ်စုတွင်း အခက်ခဲဆုံးက အမျိုးသမီးကျန်းမာရေး
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိ်ုမြို့နယ်တွင်းရှိ သိုးသီဖိုအုပ်စုတွင် အရေးကြီးဆုံးသော လိုအပ်ချက်မှာ အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ကြောင်း လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း မှ သိုးသီဖိုအုပ်စု လက်ထောက်နည်းပညာမှူး ဦးဟိန်းမင်းလတ်က ပြောသည်။

“အခက်ခဲဆုံးကတော့ အမျိုးသမီးတွေအတွက် ကျန်းမာရေးပေါ့။ ကျန်းမာရေးလို့ပြောတာက ကျေးလက်ဆေးပေးခန်းတွေ မရှိဘူး။ ဆေးခန်းမရှိတဲ့အတွက် သူတို့ကလေးမွေးရင် ကြံုသလို၊ ဖြစ်သလိုပဲမွေးတယ်” ဟု ပြောသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု မရှိသောကြောင့် ကလေးမွေးရင်းအသက်ဆုံးသွားခြင်းမျိုး ရှိခဲ့ကြောင်း ၊ ဆေးအချိန်မီမကုသနိုင်သောကြောင့် လေဖြတ်ပြီး အသက်ဆုံးရှုံးရမှုများ ရှိခဲ့ကြောင်း ဒေသခံများပြောကြားချက်များအရ သိရသည်။

ထိုကဲ့သို့ ဆေးရုံဆေးပေးခန်းသို့ အချိန်မီရောဂါကုသနိုင်ရန် မိမိ၏ရောဂါအခြေအနေကို မသိရှိခြင်း ၊ အသိပညာနည်းခြင်းကြောင့်လည်း ဆေးအချိန်မီ မကုနိုင်ကြရကြောင်း လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းမှ သိုးသီဖိုအုပ်စု လူထုစည်းရုံးရေးမှူး ဦးစောအောင်ငြိမ်းက ပြောသည်။

“ကြားဖူးတာက လူတစ်ယောက် သူ့မိန်းမ ကိုယ်ဝန်ဆောင်တယ်ပေါ့နော၊ သူလည်း ကိုယ်ဝန်ဆောင်တယ်လို့ပဲ ထင်တာ။ တကယ်တမ်းကိုယ်ဝန်ဆောင်နေတာ မဟုတ်ဘူး၊ အထဲမှ ဘာလဲမသိဘူး၊ တကယ်တမ်းဖြစ်နေတာက တခြားရောဂါဖြစ်နေတာပေါ့နော၊ ကိုယ်ဝန်ဆောင်နေတာ မဟုတ်ဘူးပေါ့ ၊ ဗိုက်တော့ကြီးနေတယ် အဲ့လိုမျိုးလည်း ရှိခဲ့တာပေါ့နော” ဟု ၎င်းကပြောသည်။

၎င်းကျေးရွာဘက်တွင် ကျန်းမာရေးဆေးပေးခန်းမရှိပေ။ အရေးပေါ်လူနာများရှိပါက မိုင်ရှစ်ဆယ်ဝေးသည့် ဖရူဆိုမြို့ပေါ်သို့ သွားရောက် ကုသကြရသည်။ ဖရူဆိုမြို့မှ သိုသီးဖိုအုပ်စုရှိ ဒေါမူခေါရွာအထိသာ လမ်းပေါက်သည် ဟု သိရသည်။

၎င်းကျေးရွာများသည် ဖရူဆိုမြို့နယ် အနောက်တောင်ဘက်စွန်း ကရင်ပြည်နယ် နယ်စပ်ဘက်ဖြစ်ပြီး ကျေးရွာ တစ်အုပ်စုလုံးတွင် လမ်းမပေါက်သေးကြောင်းသိရသည်။

၎င်းဒေသဖက်တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( ကေအန်ပီပီ ) မှ ဆေးကုသပေးလျက်ရှိသည့် နယ်လှည့်ကျောပိုးအိတ်အဖွဲ့မှ တစ်လတစ်ကြိမ် လာရောက်ပြီး ဆေးကုသမှုများပေးနေကြောင်း သိရသည်။

သို့သော် အစိုးရအဖွဲ့မှ တစ်နှစ်တစ်ကြိမ်ခန့်သာ လာရောက်ပြီး ဆေးကုသမှုများပေးကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များတွင်လည်း ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု မခံရပေ။

သိုးသီဖိုကျေးရွာအုပ်စုတွင် အဓိကလုပ်ဆောင်သော စီးပွားရေးလုပ်ငန်းမှာ ဖာလာစိုက်ပျိုးရေး လုပ်ငန်းဖြစ်ကြောင်း သိရသည်။ စားဝတ်နေရေးအတွက် အဓိက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းနေကြကြောင်း သိရသည်

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...