“သစ်လာခုတ်တာဆိုလည်း အကြောင်းမကြားဘူး။ သူတို့က အလုံးကြီးတွေပဲခုတ်မယ်ပဲပြောတယ်။ ဒါပေမယ့် သစ်တွေက အကြီးမှမရှိတော့တာ အလုံးငယ်ပဲရှိတာ အလုံးငယ်ပဲ ခုတ်သွားတယ်။ အဓိက သုံးတဲ့ရေကို ထိခိုက်လာမှာစိုးရိမ်လို့ပါ” ဟု ဦးရန်နိုင်ဦးက ပြောသည်။
ထိုစိုးရိမ်မှုများကြောင့် မတ်လ ၁၂ ရက်နေ့တွင် သစ်များ ထပ်မံမခုတ်ယူရန် ကန့်ကွက်စာများကို ရွာသားများက လက်မှတ်ထိုးကြပြီး ပြည်နယ်လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။
ထိုသို့တိုင်ကြားပြီးနောက် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအတွက် အကျိုးမဖြစ်ထွန်းစေသည့် သစ်မှောင်ခိုထုတ်ယူမှုများတွေ့ရှိပါက သတင်းပေးကြရန် ထိထိရောက်ရောက် အရေးယူသွားကြမည်ဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောသွားသည်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက “ တရာဝင်သစ်ကလွဲပြီး တရာမဝင်သစ်တွေ မထုတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ တရာမဝင်သစ်က ဒေသခံတွေအတွက်လည်း အကျိုးမဖြစ်ဘူး။ ပြည်နယ်အတွက်လည်း အကျိုးမဖြစ်ဘူး၊ နိုင်ငံအတွက်လည်း အကျိုးမဖြစ်ဘူး။ အဖွဲ့အစည်းတစ်ခုနဲ့ ပုဂ္ဂိုလ် ကုမ္ပဏီအဖွဲ့တစ်ခုပဲ အကျိုးဖြစ်တဲ့အတွက် ကျနော်တို့ အဲ့ဒါသတိ အလေးထားဖို့လိုပါမယ်” ဟု ပြောသည်။
သို့သော် သစ်ခုတ်သည့် ကုမ္မဏီများက တရားဝင်ဖြစ်နေပြန်သည့်အတွက် ဒေသခံများအတွက် အခက်တွေ့စေပြန်သည်။ ဒေသခံဘုန်းကြီးကျောင်းများ ၊ အဆောက်အဦးများ တည်ဆောက်ရန်အတွက်ကိုမူ သစ်ခုတ်ခွင့်မရသည့်အပြင် ဥပဒေအရ တွေ့ရှိပါက သိမ်းဆည်းအရေးယူခြင်း ခံနေကြရ ပြန်သည်ဟု ဦးရန်နိုင်ဦးက ပြောပါသည်။
ကယားပြည်နယ်အတွင်း ယခုနှစ် သစ်ထုတ်ရာသီအတွက် ကျွန်းသစ်တန် (၅၀၀၀)နှင့် သစ်မာတန် (၁၀၀၀၀) ထုတ်လုပ်ရန်လျာထားပြီး အဆိုပါစောင်းလော့ကျေးရွာအရှေ့ဖက်မှာ နေဝန်းမြတ်သစ်ကုမ္ပဏီက ကျွန်းသစ်တန်ချိန်(၂၀၀) လာရောက်ထုတ်ယူနေခြင်းဖြစ်သည်။







