မွန်ပြည်နယ် နေလှမ်းဆားစျေး ပြန်လည်ဦးမော့လာ

မွန်ပြည်နယ် နေလှမ်းဆားစျေး ပြန်လည်ဦးမော့လာ
ပငဆားကွင်း(MNA)
ပငဆားကွင်း(MNA)
မွန်ပြည်နယ်ထွက်ကုန်ဖြစ်သည့် နေလှမ်းဆားများ ယခုဧပြီလအတွင်း တစ်ပိဿာ ငွေကျပ် ၉၀ စျေးပေါက်သဖြင့် ဆားစျေးပြန်လည်ဦးမော့လာသည်ဟု သံဖြူမြို့နယ်ရှိ ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ယခုနှစ်နွေရာသီတွင် အပူလွန်ကဲသည့် အယ်နီညိုရာသီဥတုဖြစ်ပေါ်သည့်အပြင် ရာသီဥတုဖောက်ပြန်ပြီး အခါမဲ့မိုး ရွာသွန်းမှုကြောင့် အခြားဒေသများတွင် နေလှမ်းဆားကွင်းများ ပျက်စီးသဖြင့် မွန်ပြည်နယ် ဆားစျေးပြန်လည် ဦးမော့လာခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က မွန်သတင်းအေဂျင်စီ MNA သို့ ပြောသည်။

ဦးဝင်းထိန်က “အဓိက ဆားစျေးတက်ရတဲ့အကြောင်းက ဒီနှစ်မှာ အပူလွန်ကဲတဲ့ အယ်နီညိုဆိုတဲ့ရာသီဥတုဖြစ်ပေါ်တယ်၊ ပူတဲ့နောက်ဆက်တွဲက မိုးရွာလာတယ်၊ ဒီနှစ်ထဲမှာ မိုး၂ ခါမိထားတယ်၊ မိုးမိတော့ နေလှမ်းးထားတဲ့ ဆားတွေလည်းပျက်တယ်၊ ဧရာဝတီဘက်က ဆားတွေလည်းအထွက်နည်းလာတယ်ဆိုတော့ ဒီမွန်ပြည်နယ်ကဆားတွေ နည်းနည်းစျေးကောင်းလာတယ်”ဟု ဆိုသည်။  

မြန်မာနိုင်ငံတွင် နေလှမ်းဆား အများဆုံးထွက်ရှိသည့် ဧရာဝတီိတိုင်းဒေသကြီးဘက်တွင် ၂၀၀၈ နာဂစ်မုန်တိုင်း နောက်ပိုင်း ဆားထုတ်လုပ်မှုအားနည်းလာကြောင်း၊ ယခုနှစ် ရာသီဥတု ဖောက်ပြန်မှုရှိသည့်အတွက်ကြောင့် ဆားစျေး တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလိုဆားစျေးတက်ရတာက၊ နာဂစ်မုန်တိုင်းထိပြီး၊ ဧရာဝတီတိုင်းဒေသကြီးဘက်မှာ၊ ဆားဖိုတော်တော်များများ ပျက်စီးဆုံးရှုံးခဲ့တယ်၊ အဲဒီနောက်မှာ မွန်ပြည်နယ်ဘက်မှာ ဆားစျေးတွေနည်းနည်းလှုပ်လာတယ်၊ မွန်ပြည်နယ်က ဆားတွေအသုံးများလာတဲ့အတွက်ကြောင့် အခုလို ဆားစျေးတက်လာတာပါ” ဟု ပင ဆားလုပ်ငန်းစီမံကိန်း(အငြိမ်းစားဝန်ထမ်း) ဦးတင်မြင့်က ပြောသည်။

ဆားတစ်ပိဿာ ၉၀ ကျပ်စျေးနှုန်းပေါက်သည့်အတွက် ဆားလုပ်ငန်းပိုင်ရှင်များ တွက်ခြေကိုက်လာကြောင်း၊ ဆားတစ်ပိဿာထုတ်လုပ်မှုစရိတ် ပုံမှန်အားဖြင့် ပျမ်းမျှ ၅၀ ကျပ်ရှိပြီး စျေးနှုန်း ကျပ် ၅၀ အောက်ကျသွားလျင် အရှုံးပေါ်သည်ဟု  ဦးတင်မြင့်က ဆက်ပြောသည်။    

မွန်ပြည်နယ်တွင် အထူးသဖြင့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် တွင်သာ နေလှမ််းဆားထုတ်လုပ်မှုအများဆုံးရှိကြောင်း၊ ယခင်က ချက်ဆားနှင့် နေလှမ်းဆား နှစ်မျိုးထုတ်လုပ်နေသော်လည်း ယခုအခါ ထင်းလောင်စာများအသုံးပြုရသည့် ချက်ဆားထုတ်လုပ်မှုကို ဥပဒေအရ နိုင်ငံတော်မှ ပိတ်ပင်တားမြစ်ထားကြောင်း ဦးဝင်းထိန်က ပြောသည်။  

မွန်ပြည်နယ်တွင် ဆားကွင်း ဧက ငါးထောင်ကျော်ရှိသည့်အနက် ယခုနှစ်တွင် ဧကနှစ်ထောင့်ငါးရာကျော်ခန့်သာ ဆားထုတ်လုပ်နေသည် ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...