၂၀၁၄ ခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့သော ကျောက်တန်းစက်မှုဇုန်မှာ လက်ရှိတွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပြီး လမ်း၊တံတား၊ရေ နှင့် မီးရရှိရေး စသောလုပ်ငန်းများကို နှစ်နှစ်ကြာ ဆောက်ရွက်ခဲ့ရကြောင်း ကျောက်တန်းစက်ရုံစု အကောင်အထည်ဖော်ရေးအဖွဲ့ဝင် ဦးတင်လှိုင်က ပြောကြားသည်။
“စက်မှုဇုန်အကောင်အထည်ဖော်တာ အခုဆိုရင် ပြီးသလောက်ရှိနေပါပြီ၊ လုပ်ငန်း တစ်ချို့ကတော့ စတင်လည်ပတ်နေပြီ” ဟု ၎င်းကဆိုသည်။
အဆိုပါ စက်မှုဇုန်တွင် အမှုန့်ကြိတ်လုပ်ငန်း၊ သွပ်ပြားနှင့် ချိန်လိပ်သံဇကာလုပ်ငန်း၊ ကွန်ကရစ် ဓာတ််တိုင်လုပ်ငန်း အစရှိသည့်လုပ်ငန်းများပါဝင်ကြောင်း ကျောက်တန်းစက်ရုံစု အကောင်အထည်ဖော်ရေးအဖွဲ့ထံမှ သိရသည်။
အသစ်ဖွင့်လှစ်မည့် ကျောက်တန်းစက်မှုဇုန်တွင် လုပ်ကိုင်ရန် မော်လမြိုင် စက်မှုဇုန်မှ လုပ်ငန်းအချို့ကို ကမ်းလှမ်းခဲ့ဖူးသော်လည်း ပြောင်းရွှေ့ လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း မော်လမြိုင်စက်မှုဇုန်ရှိ လုပ်ငန်းရှင်အချို့ကပြောကြားသည်။
ကျောက်တန်းစက်မှုဇုန်သည် မော်လမြိုင်မြို့တွင် ဒုတိယမြောက်အကောင်အထည်ဖော်သော စက်မှုဇုန်တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော မော်လမြိုင်စက်မှုဇုန်တွင်မူ စက်ရုံပေါင်း တစ်ရာကျော်လည်ပတ်လျက်ရှိသည်။



