ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အောက်တိုဘာလထဲ မော်ချီးဒေသမှာ သဘာဝဘေးဒဏ် မြေပြိုကျမှုကြောင့် လူပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ကျန်ရစ်သူအများအပြား ဘဝပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေး စိန်ခေါ်မှုတွေကို ယနေ့ထိတိုင် ရင်ဆိုင်နေကြရပါတယ်။
အဲ့ဒီထဲမှာ မရီရီချိုလဲတဦးအပါအဝင်ပါ။ သဘာဝဘေးဒဏ်ကျနေရာက်ပြီး သုံးလခန့်အကြာမှာ သူမကို မော်ချီးမြို့ ဇီးပင်ကွေ့ရပ်ကွက်မှာ လူချင်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။
"ပစ္စည်းတွေရော အကုန်လုံး ဘာမှ ကုန်းကောက်စရာ မရှိအောင် ဆုံးရှုံးသွားတာဆိုတော့ ဒီဇီးပင်ကွေ့ကို ပြန်တက်လာတော့ ဒီဘက်ကို လာလာကြည့်တိုင်း မျက်ရည်ကျမိပါတယ်။ " လို့ မျက်ရည်တွေသုတ်ပြီး ပြောပြပါတယ်။
မြေပြိုတဲ့ထဲပါသွားတဲ့ သူမရဲ့ အစ်မကို သုတ်သင်ရှင်းလင်းမှု ပြုပေးနေချိန်မှာဘဲ သူမအိမ်လည်းပြိုလဲကျသွားခဲ့တယ်လို့ဆိုပါတယ်။ လွတ်မြောက်ရာဘက်ကို ပြေးရှောင်နေချိန်မှာဘဲ လေးလံတဲ့ ခဲလုံးရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အသက်ရှူရပ်သွားတော့မည့်အလား ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
" ကျမရဲ့ ခါးကိုတစ်ချက် နောက်ကျောကို တစ်ချက် ခဲနှစ်လုံးနဲ့ ရိုက်ချတာ အောက်ထိ ပါသွားပြီးတော့ အသက်တောင် မရှှုနိုင်တော့ဘူး။ ကိုယ့်ကိုကိုယ်လည်း သေပြီလို့ပဲ ထင်နေတာ " လို့ သူမက ပြောပါတယ်။
မြေပြိုမှုထဲ ပါသွားပြီး ရုန်းထွက်နေချိန်မှာ သေလုမျောပါး ခံစားခဲ့ရပေမဲ့ မြေပြိုနေတဲ့အတွက် သူမအနားကို လာသူမရှိဘဲ ရှိတဲ့ခွန်အားနဲ့ ရုန်းထွက်ရင်း သွေးအန်ပြီး အသက်ပြန်လည်ရှူနိုင်တာကြောင့် ဘေးကင်းရာကို ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မော်ချီးဒေသဟာ ခဲထွက်တဲ့နေရာ ဒေသ တစ်ခုဖြစ်တဲ့အတွက် နေရာအသီးသီးမှ လူမျိုးပေါင်းစုံတွေက မိမိတို့စားဝတ်နေရေး အတွက်သော်လည်းကောင်း ဝင်ငွေရရှိရေးအတွက် သော်လည်းကောင်း လာရောက်လုပ်ကိုင်ကြတဲ့နေရာလေး တစ်ခုဖြစ်ပါတယ်။
မော်ချီးမှာ လာရောက်လုပ်ကိုင်နေကြတဲ့ လူတွေအားလုံးထဲမှ မချိုချိုထွန်းဆိုသူလည်း မိမိစားဝတ်နေရေး လာရောက်လုပ်ကိုင် ဖြေရှင်းနေသူတစ်ဦး ဖြစ်ပါတယ်။ သူမမှာ မိသားစု သုံးဦးရှိပါတယ်။ သူမရဲ့ အမျိုးသားနဲ့ ၃ နှစ်ခန့်ရှိတဲ့ သားငယ်လေးတစ်ဦးရှိပါတယ်။
မော်ချီးဒေသမှာ မိုးရွာသွန်းမှု ဆယ်ရက်ကြာ ဖြစ်ပွားပြီးနောက် မော်ချီးဒေသရှိ ရပ်ကွက်လေးခုက အောက်ခံမြေ ခံနိုင်ရည်မရှိတော့အတွက် ပြိုလဲသွားတာဖြစ်တယ်လို့ ဒေသခံတချို့က ပြောဆိုကြပါတယ်။ မြေပြိုမှုဒဏ် မကြံုခင်အချိန်ထိ သူမရဲ့လုပ်ရှားမှု တချို့ကိုတော့ အခုလို ပြောပြသွားပါတယ်။
" အဲ့နောက်မှ အစ်မကို ကျမတို့အိမ်ကို သယ်လာတယ်လေ။ အဲ့လို တစ်ကိုယ်လုံး မြေတွေပိပြီးတော့ သယ်လာတော့ အဲ့မှာ သယ်လာတော့ ကလေးလေးတစ်ယောက်ကလည်း ထပ်ဖော်ရတယ်ဆိုပြီးတော့ ထပ်သယ်လာတော့ ဆေးရုံသွားမယ်ဆိုပြီးတော့ လမ်းကလည်း ပြိုပြီးတော့ မိသားစုလိုက်တွေ ပိကုန်တာလေ “
သူမဟာ မြေပြိုမှုထဲမှ ရုန်းထွက်လာနိုင်ခဲ့ပြီး စစ်ဆေးရုံတွင် ၁၀ရက်ကြာ ဆေးကုသမှု ခံယူပြီးနောက် သက်သာမှု မရှိတဲ့အတွက် နှစ်လကြာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သူမက ပြောပါတယ်။ ဆေးကုသမှု ခံယူနေစဉ် ဆေးရုံမှ ၃ရက်အတွက် အခမဲ့ကုသပေးပြီး ကျန်တဲ့ရက်များအတွက် ဆေးဖိုးဝါးခကိုတော့ ရှာကြံပြီး ဆေးကုနေရတယ်လို့ သူမရဲ့ အမျိုးသား ဖြစ်သူ ဦးကျော်မျိုးဟိန်းက ဆိုပါတယ်။
" ၃ရက်လောက်တော့ သူတို့ အခမဲ့ ကုပေးတာပေါ့။ နောက်ပိုင်းကျတော့ ကိုယ့်ကိုကိုယ် နှစ်လ ရှာကြံပြီးတော့ ကုပေးရတာပေါ့ ငွေဆိုလည်း သူများနားက ငွေဆွဲပြီးတော့ကု၊ အဝတ်အစားတွေဆိုရင်လည်း တစ်ထည်မှ မရှိဘူး ကလေးကော လူကြီးကော “
ဆေးကုသမှု ခံယူနေစဉ်တွင် သဘာဝဘေးဒဏ်ကြံုတွေ့နေရတဲ့လူတွေအတွက် အထောက်အပ့ံပစ္စည်းများ လာရောက်လူဒါန်းသူ အများအပြား ရှိသော်လည်း သူမတို့မိသားစုမှာ မော်ချီးမှ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းနေရာမှာမရှိတဲ့အတွက် အထောက်အပံ့ပစ္စည်းများကို မရရှိခဲ့ဘူးလို့ ပြောပါတယ်။
" အဲ့ဒီတုန်းက ကျမက ဆေးရုံတက်နေတာဆိုတော့ ကျမက မသက်သာတော့ ကျမယောကျာ်းလည်း အဲ့မှာဘဲ နေနေတာလေ။ ဒီမှာ နေကြတဲ့သူတွေကတော့ ထောက်ပံ့မှုတွေ ရပါတယ်။ ကျမတို့ကတော့ ဘာမှ မရပါဘူး။ လူမရှိရင် မရဘူး။ အဲ့လိုတွေပါတယ်လေ။ ကျမတို့က လူမရှိတော့ မရပါဘူး " လို့ မရီရီချိုက ပြောပါတယ်။
ဆေးရုံပြန်လာပြီးနောက် မော်ချီးမှာ ပြန်လာနေပြီး ဒုက္ခသည်စာရင်းထဲ ပါဝင်တဲ့အတွက် ရွှေလွိုင်ကော် ပရဟိတ အဖွဲ့မှ လှူဒါန်းသည့် အထောက်အပံ့ပစ္စည်းများကို ရရှိခဲ့တယ်လို့ သူမရဲ့ အမျိုးသားက ပြောပါတယ်။ လက်ရှိမှာ သူမတို့ စားဝတ်နေရေး အတွက် ကြပ်တည်းစွာ ဖြေရှင်းနေရပုံကို အခုလို ပြောပြသွားပါတယ်။
" ဒီလိုဘဲ မရှိပါဘူး အမတို့မှာ အမတို့ရှိတဲ့ဟာလည်း အိမ်ထဲပါသွားတာဆိုတော့ ချွေတာစားရတာပေါ့။ ရတဲ့ဟာလေးနဲ့။ နေ့စားဆင်းရဲပါတယ်။ သူများကျင်းထဲမှာ။ မငတ်ရုံတမည် ပါပဲ "လို့ မရီရီချိုက ပြောပါတယ်။
လက်ရှိမှာတော့ မြေပြိုမှုဘေးဒဏ် ခံစားခဲ့ရတဲ့ လူတွေအတွက် မော်ချီးဒေသ လေးထပ်ကွေ့မှာ ပြန်လည်နေရာချထားပေးတာ ဖြစ်ပါတယ်။ နေရာချထားရေးကို မတ်လမှာ အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။
ပြန်လည်နေရာချထားပေးတဲ့ နေရာမှာ နေထိုင်မယ်ရင် စားဝတ်နေရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်းကို မရီရီချိုက အခုလို ပြောပြပါတယ်။
" စိုးရိမ်မှုတွေ ရှိတာပေါ့။ အမတို့မှာ ဘာမှမရှိတော့ အဆင်ပြေပါ့မလားလို့ တွေးပူတာပေါ့။ မော်ချီးနဲ့လည်း ဝေးတယ်ဆိုတော့ ဘယ်လိုဖြေရှင်းရမလဲ။ ဟိုရောက်မှဘဲ သိရမယ်။ အလုပ်ကလည်း အဆင်မပြေသေးပါဘူး "
အစိုးရသစ်လက်ထက်မှာ မျော်မှန်းထားတဲ့ သူမရဲ့ မျော်လင့်ချက်ကိုတော့ အခုလို ပြောပြသွားပါတယ်။
" ဒီမော်ချီးမှာ နေတဲ့သူတွေကို အဲ့လို အလုပ်အဆင်ပြေစေချင်ပါတယ်။ သူတို့လည်း ရွှေ့ပြောင်းရမယ်ဆိုတော့ ဘာလုပ်စားရမှန်းမသိ။ အကုန်လုံးတွေးပူနေကြတဲ့လူတွေချည်းဘဲ။ အမတို့ဆို ပိုဆိုးပေါ့။ ဘာမှ ကုန်းကောက်စရာ မရှိတော့လောက်အောက် ကျန်သွားတယ်လေ။ ဘာမှကို ဘာမှ မရှိတော့တာပါ။ အမတို့အတွက် လုပ်ငန်းလေး အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။ ဒီမော်ချီးဒေသလူတွေအတွက်ပေါ့။ အဆင်ပြေပြေလေးဖြစ်အောင် များများမဟုတ်ရင်လည်း နည်းနည်းလေး ဖြစ်ဖြစ်ပေါ့ ”
မြေပြိုဖြစ်ပွားပြီးနောက်ပိုင်း မော်ချီးဒေသမှာ ခဲသတ္တုတွင်းများ ပိတ်ထားလိုက်တာ ဖြစ်ပြီး လက်ရှိမှာတော့ ခဲသတ္တုတွင်းများ ပြန်လည် ဖွင့်ပြီဆိုပေမယ့် ခဲစျေးကျနေတဲ့အတွက် တစ်နေ့လုပ် တစ်နေ့စား ဒေသခံများအတွက် အခက်အခဲရှိနေတယ်လို့ မော်ချီးနေ ဒေသခံများက ပြောပါတယ်။
မြေပြိုမှုထဲ တိုက်ရိုက်ခံစားခဲ့ကြသူမှာ မိမိတို့ နေရာပြန်လည်ချထားဖို့နဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းကြဖို့ ယခုချိန်အထိ အခက်အခဲ ဖြစ်နေကြရလို့ အကူအညီလိုအပ်နေဆဲဖြစ်ပါတယ်။







